UNFC ကို ဆက်လက်ရပ်တည်ပြီး အဖွဲ့ဝင် သစ် ၂ ဖွဲ့လက်ခံမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့နှင့် ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့ နှစ်ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ် လက်ခံရန် နှင့် UNFC တပ်ပေါင်းစု၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူအတိုင်း ဆက်လက်ရပ်တည်သွားမရန် UNFC ကောင်စီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကောင်စီ နှစ်ပတ်လည်အစည်းအဝေးတွင် အဖွဲ့ဝင် ပြန်လည်လက်ခံရန် ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် မှ ယခုလို ပြောသည်။

လောလောဆယ် ဆုံးဖြတ်ထားတာကတော့ ကျနော်တို့ မူလတုန်းက အဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်စဲထားတဲ့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦး ပေါ့နော် CNF ကို အဖွဲ့ဝင် အဖြစ် ပြန်လည်လက်ခံတဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါတယ်။ အဖွဲ့ဝင်သစ်တော့ မဟုတ်ပါဘူး KNO လည်း ပြန်လည်လက်ခံဖို့ဆိုတဲ့ ဆွေးနွေးချက်တွေတော့ ကျနော်တို့ လုပ်ခဲ့ကြပါတယ် ဒါပေမယ့် ဒီ KNO ကိုကြတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ပေါ့နော့် ကျနော်တို့ အရေးပေါ် ညီလာခံ တစ်ခု ကျင်းပပြီးတော့ ဒီ အရေးပေါ် ညီလာခံမှာ ပြန်လည်လက်ခံသွားမယ်ဆိုတဲ့ သဘောမျိုးကိုတော့ အများသဘောတူ ဆုံးဖြတ်ထားတာ ရှိပါတယ်။ ပြောရရင်တော့ SSPP လည်း ကျနော်တို့ အဖွဲ့ဝင်အဖြစ်က တရားဝင် မရပ်စဲထားပါဘူး၊ ထုတ်လည်း မထုတ်ပယ်ထားပါဘူး။ ဒါက ကျနောတို့ ညီလာခံမှာမှ ဆုံးဖြတ်ရမည့် ကိစ္စတွေ ဖြစ်တယ်။

UNFC တပ်ပေါင်းစုအဖွဲ့၏ ညီလာခံသက်တမ်းသည် ၂ နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သော်လည်း လုပ်ငန်းလိုအပ်ချက်အရ အရေးပေါ် ညီလာခံ ခေါ်ယူခွင့်ရှိသည်။ ယနေ့ထုတ်ပြန်သော UNFC ကျေညာချက်တွင် အရေးပေါ်ညီလာခံကို ဇူလိုင်လတွင် ကျင်းပသွားမည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့သည် UNFC အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ခွင့် တင်ထားသော်လည်း UNFC ညီလာခံတွင် ဆုံးဖြတ်မည်ဖြစ်သောကြောင့် လောလောဆယ် UNFC အဖွဲ့ဝင် အဖြစ် တည်ရှိဆဲ ဖြစ်သည်။ ထိုကြောင့် လက်ရှိ UNFC အဖွဲ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ရှိနေသည်။

UNFC တပ်ပေါင်းစု အဖွဲ့ဝင်ထဲမှ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ် လက်မှတ်ရေးထိုးခဲ့သော်လည်း UNFC တပ်ပေါင်းစု အဖွဲ့အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်ချက်အတိုက် ဆက်လက် ရပ်တည်သွားမည်ဟု ခူးဦးရယ် မှ ဆက်ပြောသည်။

ကျနော်တို့ UNFC စုဖွဲ့မှုဟာ NCA အခြေခံနဲ့ကျနော်တို့ စုဖွဲ့ကြတာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် စုဖွဲ့ကြတာပါ။ ဒီ NCA ဆိုတာက ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါ်တယ်။ ကွဲပြားနေတာကတော့ ကျနော်တို့ အရင်လက်မှတ်ထိုးနှင့်တဲ့လူတွေနဲ့ လက်မှတ်ထိုးဖို့အတွက် လောလောဆယ်မှာ အဆင်မပြေသေးတဲ့ အဖွဲ့အစည်းရယ်လို့ ဒီလိုပဲ ကွဲနေတာပဲ ရှိပါတယ် ကုန်ကုန်ပြောရရင်တော့၊ ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတော့ ကျနော်တို့ အဲ့အပေါ်မှာပဲ စုဖွဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မိုလို့ လက်ရှိ ကျနော်တို့ ရှိနေတဲ့ အဖွဲ့အစည်းတွေ အရေအတွက် ကျလာတာတွေကတော့ နုတ်ထွက်မှုတွေ ရှိခဲ့တာတွေကတော့ ဒါ တည်ရှိနေတဲ့ အခြေအနေတွေရဲ့ အခက်အခဲနဲ့ဖိအားတွေကြောင့်ပဲ တချို့ကတော့ မလွဲမရှောင်သာ နုတ်ထွက်သွားတယ်ဆိုတဲ့သဘောပါပဲ။ ဆန္ဒအလျှောက်နုတ်ထွက်သွားတယ်ဆိုတဲ့ ဟာမျိုးတွေ မဟုတ်ပါဘူး။

မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့် လားဟူဒီမိုကရပ်တစ်အစည်းအရုံး LDU အဖွဲ့တို့သည်လည်း မကြာသေးခင်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည်မှာလည်း NCA လက်မှတ်ရေးထိုးခြင်းသာ ဖြစ်ပြီး UNFC တပ်ပေါင်းစုအဖွဲ့၏ မူဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြမည် ဆိုသည့် လမ်းကြောင်းမှ သွေဖီခြင်း မဟုတ်ကြောင်း နှင့် UNFC အဖွဲ့တစ်ခုလုံး အနေဖြင့်လည်း NCA လမ်းကြောင်းသွားမည် ဆိုသည့် အခြေခံရပ်တည်ချက်သည်လည်း မူလကတည်းက အတူတူပင်ဖြစ်ကြောင်း ဆက်ပြောသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့အနေဖြင့် အစိုးရ နှင့် ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သုံးရက်ကြာ ကျင်းပခဲ့သည့် UNFC ကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှ အားလုံး၏သဘောထားပါဝင်မှုဖြင့် အကောင်အထည်ဖော်ရန် သဘောထား ချမှတ်ခဲ့သည်ဟု ခူးဦးရယ် မှ ဆက်ပြောသည်။

လောလောဆယ်မှာ NCA အခင်းအကျင်းကို မဝင်နိုင်သေးတော့ ကျနော်တို့လည်း ဝင်နိုင်တဲ့အချိန်ကြလို့ရှိရင်လည်း ဒီလမ်းကြောင်းပဲ သွားမည့်အနေအထားမျိုးပါ။ ဒါကြောင့်မိုလို့ လောလောဆယ်မှာကတော့ ကျနော်တို့ ကွဲပြားတဲ့ အမြင်တွေတော့ မရှိပါဘူး။

UNFC တပ်ပေါင်းစု၏ ကောင်စီအစည်းအဝေးတွင် သက်ဆိုင်ရာ ဌာနအလိုက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးပြီး စုဖွဲ့မှုများ ပြင်ဆင်ဖွဲ့စည်းခဲ့ကြသလို၊ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏အခြေအနေများ အပါအဝင် တပ်ပေါင်းစု၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။