အစိုးရနှင့် လွိုင်ကော်တွင် တရားဝင် တွေ့ဆုံရန် KNPP တောင်းဆိုထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။
အစိုးရနှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ကို တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ပြုလုပ်နိုင်ရန် မျှော်လင့်ထားသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။
တရားဝင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်ရန် အစိုးရအား အဆိုပြု တောင်းဆိုထားသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က ပြောသည်။
“ဒီရန်ကုန်မှာ မဟုတ်ပဲ ကျနော်တို့ ကရင်နီ ကယားပြည်နယ် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မှာပဲ ကျနော်တို့ တရားဝင်တွေ့ဆုံမှုကို ပြုလုပ်သွားဖို့ ကျနော်တို့ အဆိုပြုထားပါတယ်။”
သဘောတူညီချက်များကို ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေရန် တွေ့ဆုံမှုကို လွိုင်ကော်တွင် ပြုလုပ်ရန် အဆိုပြုခြင်းဖြစ်သည်ဟု ခူးဦးရယ်က ပြောသည်။
“ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်က အစိုးရအရာရှိများ တပ်မတော် အကြီးအကဲများပါဝင်ပြီးတော့ ဆွေးနွေးခြင်း၊ နားထောင်ခြင်း၊ သိရှိခြင်း အဲလိုပါမှပဲ ကျနော်တို့ ဒီသဘောတူညီချက်တွေ ရလာမယ်ဆိုရင် ဒီသဘောတူညီချက်တွေကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ အခင်းအကျင်း ရောက်လာလို့ရှိရင် သူတို့ဘာမှညွှန်ကြားနေစရာမလိုပဲနဲ့ အလိုလို ကျနော်တို့ အဆင်ပြေပြေနဲ့ ဘယ်သူဘယ်ဝါကနေပြီးတော့ တာဝန်ယူရမယ် တာဝန်ခံရမယ် ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာကို ကျနော်တို့ သိနှင့်ပြီးသား ဖြစ်လိမ့်မယ်ဆိုတာကို ကျနော်တို့က အဲလို အမြင်ရှိလို့ပဲ ကျနော်တို့ လွိုင်ကော်မှာကျင်းပဖို့ ကျနော်တို့ အဆိုပြုခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
မတ်လ ၇ ရက်နေ့ ယမန်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ပြုလုပ်သည့် KNPP နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ်က အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ခူးဦးရယ်က ပြောသည်။
ယမန့်နေ့က ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအပြီး KNPP ၏ ထုတ်ပြန်ချက်ထဲတွင် KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်မှု လုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်နိုင်ရေးနှင့်စပ်လျဉ်း၍ UNFC ၏ အဆိုပြုချက် (၈) ချက်ထဲမှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် သက်ဆိုင်သော ဆက်လက် ဆွေးနွေးရန် လိုအပ်သည့်အချက်များကို ထပ်မံဆွေးနွေးခဲ့ပါသည်ဟု ဖော်ပြပါရှိသည်။
ဆွေးနွေးပွဲ၌ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဦးနှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များတွင် ပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီကိစ္စ၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အစိုးရဖက်မှ ဆက်ဆံရေး တာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စနှင့် ပြည်နယ် အဆင့်ဖွံ့ဖြိုးရေးကိစ္စတို့ကို ဆက်လက်ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် KNPP ဘက်မှ ဆွေးနွေးခဲ့ပါသည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
သို့သော်လည်း တရားဝင်တွေ့ဆုံနိုင်မည့် အချိန်နှင့် နေ့ရက်ကို ပြန်လည်ညှိနှိုင်းသွားရန် နှစ်ဖက်ကိုယ်စားလှယ်များက သဘောထားချမှတ်ထားသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြော သည်။
“ကျနော်တို့ ၂ ဖက် အဆင်ပြေတဲ့အချိန်ကျမှပဲ ဖြစ်မှာပါ။ အစိုးရဖက်ကလည်း အထက်ကို သူတို့တင်ပြဖို့ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ စောင့်နားထောင် ရအုံးမှာပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ဘက်ကလည်းပဲ ဒီနေ့အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ရီပို့တက်ဖို့လည်း ရှိပါတယ်။ အဲတော့အချိန်နဲ့ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းသွားဖို့ပဲ ကျနော်တို့ သဘောထားချထားပါတယ်” ဟု ခူးဦးရယ် က ပြောသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၅၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၃ လအကြာတွင် သဘောတူညီမှု ပျက်ပြားခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ပြန်လည် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၁၂ ခုနှစ် မတ်လတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည်။