ရှမ်းမြောက် တိုက်ပွဲအကြား ပိတ်မိနေသော ရွာသား ၂၀၀ ကျော် ကျောက်မဲသို့ ရောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၆ ၇က်၊ ၂၀၁၈ ခုနှစ်။
ရှမ်းနှင့် တအာင်း တပ်ဖွဲ့များ တိုက်ခိုက်မှုတွင် ပိတ်မိနေသော စစ်ဘေးရှောင် ၂၀၀ ကျော်ကို ကျောက်မဲမြို့သို့ ခေါ်ထုတ်နိုင်ခဲ့သည်ဟု ဒုက္ခသည်တွေကို အကူအညီပေးနေသည့် အဖွဲ့များက ပြောသည်။
စစ်ဘေးရှောင်များအား သွားရောက်ခေါ်ယူခဲ့သည့် နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက “အားလုံး ပေါင်း ၂၁၇ ယောက်ပါ။ အခုမှ ရောက်တာပါ။ ကျောက်မဲကို ဒါပထမဆုံးရောက်တာပါ။ အခုကတော့ ဒီဖြစ်တဲ့ရွာကနေပြီးတော့ တဖက်ရွာကို ထွက်လာတာပေါ့နော်။ အဲ့ကနေ မိုင်းငေါ့မြို့ကို အနီးစပ်ဆုံး ဝင်လိုက်တာပေါ့နော်။ အနီးစပ်ဆုံးဝင်ပြီးတော့ ကျနော်တို့က မိုင်းငေါ့ဘုန်းကြီးကျောင်းကနေပြီးမှ ကျောက်မဲကို ပြန်ပြီးခေါ်ခဲ့ရတာပေါ့” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက် ရေး တပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်ရှိပြီဖြစ်ပြီး အနီးပါတ်ဝန်းကျင် ကျေးရွာများမှ ရွာသားအများအပြား နေအိမ်များ စွန့်ခွာထွက်ပြေးနေရသည်။
ယနေ့ ဒုက္ခသည်များအား အကူအညီပေးနေသည့် ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ကျောက်မဲမြို့သို့ ရောက်ရှိလာသူများထဲတွင် အများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“သူတို့က အုန်မွီး၊ တော့ဖယ်၊ မန်ခေါက်၊ မန်ကန် အဲ့ကနေလာကြတာပါ။ အမျိုးသမီးက ၁၅၉ ယောက်ပေါ့ ကလေးတွေလည်းတော်တော်များတယ်။ သူတို့တွေ တော်တော်လည်း ဒုက္ခရောက်ကြပါတယ်။ ဒီနေ့လာတဲ့လူတွေ ကျောက်မဲနဲ့ နမ့်စန်ကြားက ရွာတွေပေါ့။ အခုဒီတခေါက်သွားတာတော့ ဘာမှတော့အခက်အခဲမရှိဘူး။ ဒီနေ့ကတော့ မိုင်းငေါ့ကိုသွားလိုက်တာ။ မိုင်းငေါ့ကိုရောက်လာတဲ့ သူတွေကို ကျောက်မဲကို ခေါ်လာခဲ့တာ။”
တိုက်ပွဲကြားပိတ်မိနေသူများ ရှိနေသေးပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည့်အပြင် လုံခြုံရေးအခြေအနေလည်း စိုးရိမ်နေရသည်ဟု ကိုမျိုးက ဆက်ပြောသည်။
“တိုက်ပွဲထဲမှာ ပိတ်မိတဲ့လူတွေရှိသေးတယ်။ တော့ပယ်မှာ အားလုံးတစ်ရာကျော်ကျန်သေးတယ်။ အဲ့ဒါကလုံးဝထွက်လို့မရဘူး။ သူတို့တွေ အကူအညီတွေလည်းလိုအပ်နေတယ်။ အရေးအကြီးဆုံးကတော့ အဲ့ကနေ ထွက်လာနိုင်ဖို့ပဲ။ တော့ပယ်ကတော့ ကျောက်မဲမြို့နယ်ထဲကရွာပါ။”
စစ်ဘေးရှောင်များအား ကျောက်မဲမြို့နယ်အတွင်းရှိ တိလင်ရပ်ကွက်၊ အောင်မြေသာယာကျောင်းတွင် နေရာချထားပေးသည်ဟု ပြောသည်။
ယမန်နေ့ကတည်းက စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ခေါ်ယူရာ မိုင်းအန္တရာယ်များကြောင့် ပရဟိတအဖွဲ့များအား နှစ်ဘက်တပ်များက ဝင်ခွင့်မပေးခဲ့ပေ။
မတ်လ ၁၀ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကိုမျိုးက ပြောသည်။
“ဒီနေ့ စစ်ရေးအခြေအနေကတော့ ကျနော်တို့ မိုင်းငေါ့ဘက်မှာတော့ မကြားဘူး။ သီပေါနယ်ဘက်မှာရော၊ ကျောက်မဲတော့ဖယ်ရွာဘက်မှာရော ဒီမနက်ကတည်းကနေပြီး ဆက်ဖြစ်နေတာပေါ့။”
တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “သူက နမ့်စန်ရယ်၊ သီပေါရယ်၊ ကျောက်မဲရယ် သုံးမြို့နယ် ဆိုင်တဲ့ဒေသဖြစ်တယ်။ ဆိုတော့ ခဏကျရင် နမ့်စန်ဖြစ်လိုက်၊ ခဏကျရင် သီပေါဘက်ဖြစ်လိုက်၊ ခဏကျရင် ကျောက်မဲဘက်ဖြစ်လိုက် သူကတကယ့်နယ်စပ်ဖြစ်နေတော့။ ၁၀ ရက်နေ့တုန်းကတော့ တစ်နေကုန်လောက်ဖြစ်တာ။ ဒီနောက်ပိုင်းတော့ ဖြစ်လိုက်နားလိုက်ပဲ။ ဒီနေ့တော့ ထပ်ပြီးပြင်းထန်လာတယ်။ ဘာလို့လဲဆိုတော့ RCSS က စစ်ကူတွေ ထပ်ပို့ထားတယ်လို့ပြောတယ်။ ပို့ထားတော့ ကျွန် တော်တို့ ရှေ့ကင်းတွေနဲ့ တွေ့ပြီး ထပ်ဖြစ်တယ်။ တော်တော်လေးပြင်းထန်တဲ့ အနေအထားဖြစ်တယ်” ဟု ပြောသည်။
မတ်လ ၁၃ ရက်နေ့က ကျောက်မဲမြို့ နယ်အတွင်းရှိ တောဖယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် ဒေသခံပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး၊ (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်။ လူနေအိမ် (၆) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု PSLF/TNLA က ပြောသည်။