လားဟူ ညီလာခံ ကျင်းပ၊ အရေးကြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်မည်
သတင်းနှင့်မီဒီယာ ကွန်ရက်။
မတ်လ ၁၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့၏ ၆ ကြိမ်မြောက် ညီလာခံကို ယနေ့စတင် ကျင်းပလျက်ရှိပြီး ဗဟိုကော်မတီဝင်များ တိုးချဲ့ ပြောင်းလဲဖွဲ့စည်းသွားပြီး အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟု ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် က ပြောသည်။
ယနေ့ကျင်းပသည့် ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် က ပြောသည်။
NCA ကျတော့ NCA စာချုပ်ပါတဲ့အတိုင်း လောလောဆယ် အကောင်အထည်ဖော်ရမည့်ဟာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတို့လို အထူးတွေ့ဆုံဆွေးနွေးပွဲတို့ ဒါကတော့ ကျနော်တို့ လုပ်သွားရမယ်လေ၊ နောက် ပြီးရင် ဖွံ့ဖြိုးရေး ဒေသလုပ်မယ် ကျနော်တို့ လားဟူနေထိုင်တဲ့နေရာမှာ ဖွံ့ဖြိုးရေးဒေသလုပ်ဖို့ ကျနော်တို့လည်း အစီအစဉ် ဆွဲတော့ ဆွဲနေတယ် ဒါပေမယ့် အတိအကျတော့ မဆွဲရသေးဘူး၊ နောက်ပြီး ညီလာခံ ဆိုတော့ ရွေးကောက်ပွဲတော့ လုပ်ရမယ်၊ တချို့နေရာတော့ အပြောင်းအလဲ ရှိနိုင်တယ် တချို့နေရာကတော့ ပုံမှန်ပဲ ဖြစ်လာနိုင်တယ်။
ညီလာခံကို မတ်လ ၂၀ ရက်နေ့အထိ ကျင်းပသွားရန် ရည်ရွယ်ထားပြီး ဗဟိုကော်မတီ နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ဆက်ပြောသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ကို ယခင်က လူငယ်အဖွဲ့အစည်းမှ ၂ ဦး၊ အမျိုးသမီးအဖွဲ့ အစည်းမှ ၂ ဦး ဦးဆောင်မှုတွင်ပါဝင်ရန် သတ်မှတ်ထားပြီး ဗဟိုကော်မတီဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားရာမှ ယခု ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် အရန်ဗဟိုကော်မတီဝင်များ အပါအဝင် ဗဟိုကော်မတီဝင် ၂၀ ကျော် အထိ တိုးချဲ့ဖွဲ့စည်းသွားရန်ရှိသည်ဟု ပြောသည်။
ညီလာခံတွင် လားဟူ ဒေသတွင်း၌ နိုင်ငံရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အဓိကထား အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် အတွက် အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟုလည်း ဗိုလ်မှူးကြီး ဆော်လမွန် မှ ဆက်ပြောသည်။
အခုအချိန်မှာ NCA လက်မှတ် ထိုးဖို့လည်း ထိုးလည်းထိုးထားပြီးဆိုတော့ ကျနော်တို့ အကောင်အထည်ဖော်မှု လက်တွေ့လုပ်ရဖို့ အခြေအနေ ရှိနေတယ်ဆိုတော့ တော်တော်လေး အရေးကြီးတဲ့ အချိန်ပိုင်း ရောက်နေတယ်။ နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလည်း သိပ့်မကြာတော့ဘူး ကျင်းပတော့မယ်ဆိုတော့ ကျနော်တို့ လားဟူရဲ့ လိုအပ်ချက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တင်ပြဖို့ UPDJC ကနေတဆင့် တက်လှမ်းဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရတော့မယ်လေ ဒီညီလာခံကနေ ကျနော်တို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီးမှ ဆွေးနွေးမယ် ဆုံးဖြတ်မယ် ပြင်ဆင်မယ်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ကို ၂၀၀၈ ခုနှစ်မှာ ဥက္ကဌ ဦးဖုန်တင့်ရှင် ဦးဆောင်၍ပြန်လည် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ၄ နှစ်တစ်ကြိမ် ညီလာခံ ကျင်းပလာခဲ့ရာမှာ ၂၀၁၂ ခုနှစ်မှ စ၍ လက်ရှိအချိန်အထိ ကြာခွန်ဆာ မှ ဥက္ကဌ အဖြစ် တာဝန်ယူထားသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့မပေါ်ပေါက်မှီ ယခင် ၁၉၇၃ ခုနှစ်တွင် LNUP လားဟူ အမျိုးသား ညီညွတ်ရေး ပါတီကို ထိုင်းမြန်မာ နယ်စပ်ဒေသတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် LNO လားဟူအမျိုးသား အဖွဲ့ချူပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၉၇ ခုနှစ်တွင် LNDP လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် LNO လားဟူအမျိုးသားအဖွဲ့ချူပ် တို့ ပူးပေါင်း၍ LDF လားဟူဒီမိုကရက်တစ်တပ်ဦး အဖြစ် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှစ၍ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကို ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။