လိပ်ကျွန်းအမှု ထိုင်းအစိုးရ ရှေ့နေ ခုခံလျောက်လဲချက်တင်ပြီ

သတင်းနှင့်မီဒီယာကွန်ရက်။
မတ်လ ၂၄ ရက်နေ၊ ၂၀၁၈ ခုနှစ်။

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ ခြောက်လကြာ နှောင့်နှေးခဲ့သည့် အယူခံ ခုခံလျောက်လဲ ချက်ကို ထိုင်းအစိုးရ ရှေ့နေက မတ်လ ၂၃ ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးကို တင်သွင်းခဲ့ပြီး တရား ရုံးက လက်ခံခဲ့သည်ဟု  မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။

ထိုင်းအစိုးရရှေ့နေဖက်က ခုခံလျှောက်လဲချက် တင်ဖြစ်ပါတယ်။ တရားရုံးကိုလည်း တစ်စောင်တင်တယ် ပြီးတော့ အကျဉ်းထောင်ထဲမှာ နေတဲ့ ကလေးတွေကိုလည်း မိတ္တူတစ်စောင်ပေးပါတယ်။ အဲ့ဒီ ခုခံချေပ လျှောက်လဲချက်ကို တရားရုံးက လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးသုံးသပ်ပါလိမ့်မယ်၊ သုံးသပ်ပြီးလို့ရှိရင် တရားလို တရားခံ ဖက်  နှစ်ဖက်စလုံးကို အကြောင်းကြားပြီးတော့ သတ်မှတ်တဲ့ရက်တစ်ရက် လုပ်ပေးပြီးတော့ အဲ့ဒီ ရက်မှာ အမိန့်တစ်ခု ချပေးပါလိမ့်မယ်၊ ဒီအမှုနဲ့ ပတ်သက်လို့ နောက်ဆုံး စီရင်ချက် အမိန့် ချပေးပါလိမ့်မယ်၊ သိပ့်မကြာဘူးလို့ထင်တယ် ပျမ်းမျှခြင်း တစ်လ ပတ်ဝန်းကျင် ဖြစ်လိမ့်မယ်လို့ အန်ကယ် မျှော်လင့်ပါတယ်။

 သေဒဏ်ကျခံနေရသော မြန်မာနှစ်ဦး၏ အယူခံ တင်သွင်းမှုအပေါ် ထိုင်းအစိုးရ ရှေ့နေဖက်က ခုခံ ချေပ လျောက်လဲချက်တင်သွင်းမှုကို ရွှေ့ဆိုင်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် ၆ လကြာခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးခံခဲ့ရသော မြန်မာနှစ်ဦးသည် စာမျက်နှာ ၃၁၉  မျက်နှာပါရှိသည့် အချက်အလက်များ စုစည်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကော့စမွေ တရားရုံးမှတဆင့် အဆင့်မြင့် ထိုင်းအယူခံတရားရုံးတွင် နောက်ဆုံးအယူခံ တင်ခဲ့သည်။

ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ် မေလာ နှင့် ဟန်နာ ဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အယူခံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ ထိုင်းအဆင့်မြင့် တရားရုံးမှ လက်ခံခဲ့ပြီး ၎င်းအယူခံနှင့် ပတ်သက်၍ အစိုးရရှေ့နေတွေဖက်မှ လျှောက်လဲချက် ပေးရမည့် ရက်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ လျှောက်လဲချက်တင်ပေးဖို့ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုင်းအစိုးရရှေ့နေဖက်က အဆင်သင့်မဖြစ်သေးခြင်း၊ ထိုင်းရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေခြင်း စသည့် အကြောင်းပြချက်များဖြင့် တစ်လ ပြီး တစ်လ ၆ ကြိမ်တိုင်တိုင် ထိုင်း အဆင်မြင့် တရားရုံးတွင် ရပ်တိုးတောင်းယူခဲ့ပြီးနောက် မတ်လ ၂၃ ရက်နေ့တွင် အယူခံအပေါ် ခုခံချေပလျှောက်လဲချက် တင်ခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် အန်ကယ်တို့ မြင်တာကတော့ အခု ထိုင်းအစိုးရ တင်လာတဲ့ ဒီ အယူခံ ခုခံချေပလျှောက်လဲချက်က အန်ကယ်တို့ တင်ခဲ့တဲ့ ၃၁၉  မျက်နှာ က အချက်တွေကိုပဲ သူက ချေဖျက်ဖို့ ရေးထားတဲ့ အချက်တွေ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် ဥပဒေအရ အန်ကယ်တို့ တောက်လျှောက်မှာ ထင်ရှားမြင်သာတဲ့ သက်သေခံချက်အရ ကလေးတွေဟာ အပြစ်မရှိဘူး ဆိုတဲ့အတွက်ကြောင့်မိုလို့တော့ ဒီအမှုနဲ့ပတ်သက်လို့ ဒီကလေးတွေကအပြစ်က တရားသေလွတ်ခွင့်ရလိမ့်မယ်လို့ပဲ အခုချိန်ထိ မျှော်လင့်နေတုန်းရှိပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း တို့နှစ်ဦးသည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခံခဲ့ရပြီး ထိုင်းရှေ့နေများကောင်စီ နှင့် မြန်မာရှေ့နေများ ပ့ူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထိုင်းအယူခံ တရားရုံးအဆင့်ဆင့်မှ ပယ်ချခဲ့ပြီး သေဒဏ်အပြစ်ပေးကြောင်း ဆက်လက် အတည်ပြုခဲ့သည့်အတွက် ယခု ထိုင်းအဆင်မြင့်တရားရုံးတွင် နောက်ဆုံး အယူခံ တင်ထားခြင်းဖြစ်သည်။

အခု ဒီကိစ္စတွေဟာ အားလုံး မြန်မာနိုင်ငံကော သံရုံးကော ထိုင်းရှေ့နေများကောင်စီကော ဆက်သွယ်ပြီးတော့ အားလုံး လမ်းကြောင်းယူနေပါတယ်။ ဒီအမိန့်အပေါ်မှာမူတည်ပြီးတော့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ကိုလည်း တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှု ယူပြီးတော့ စောင့်ကြည့်ဆောင်ရွက်နေပါတယ်။ ဥပမာ ဆိုပါတော့ ဒီအမိန့်ဟာ လွတ်သွားပြီ ဆိုရင်လည်း သံရုံးအနေနဲ့ ဒီကလေးတွေကို ပြန်ပို့နိုင်ဖို့အတွက် ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ နောက်တခါ အမှုဟာ ပြစ်ဒဏ်လျှော့ကျသွားပြီဆိုရင်လည်း ဒီအမှုအတွက်က ဘာ ဆက်လုပ်သင့်သေးသလဲ ဆိုတာကိုလည်း စဉ်းစားဖို့ ရှိပါတယ်၊ ဒါမှမဟုတ်လို့ရှိရင် သေဒဏ်ကိုပဲ အတည်ဖြစ်နေမယ်ဆိုရင်လည်း ဒီကလေးတွေအတွက် ထိုင်းဘုရင်မင်းမြတ် ဆီမှာ သေဒဏ်ကို အသနားခံ တင်ဖို့အတွက်လည်း အဆင်သင့်လုပ်ထားပြီးသား ဖြစ်ပါတယ်။ အားလုံးကတော့ မြန်မာနိုင်ငံ အစိုးရ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး နောက် ထိုင်းရှေ့နေများကောင်စီတို့ ပူးပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်။

သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ထိုင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေး ကောင်းမွန် လျျက်ရှိသည်ဟုလည်း အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့သည် လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားသည်။