နမ္မတီးမြို့ အနီး တိုက်ပွဲများ ဖြစ်၊ ရွာသား ၁၀၀၀ ခန့် စစ်ဘေးရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရွာသား ၁၀၀၀ ခန့် စစ်ဘေးရှောင်နေကြရသည် ဟု ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နှင့် အစိုးရတပ်မတော်တို့အကြား ဧပြီလ ၂၀ ရက်နေ့ ယနေ့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည် ဟု ကဆုန့်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“၃ နာရီလောက်မှာ ဖြစ်တယ်။ အခုလည်းဖြစ်နေစဲပဲ ကဆုန့်မှာတော့ မဟုတ်ဘူး တပ်ရင်းမှာလေ ရင်း ၁၁ မှာ လက်နက်ကြီးပစ်တာပေါ့ လေယာဉ်ပျံနဲ့လည်း ၃ ခေါက် ဗုံးလာကြဲတာပေါ့။ လေယာဉ်ပံျ ၂ စီးလာတယ်။ အသံက တော်တော်လေးကြားတာပေါ့” ဟုပြောသည်။

ကဆုန့်ကျေးရွာနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၁ မှာ ၃ မိုင်လောက်သာ ဝေးကွာသည့်အတွက် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

တိုက်ပွဲကြောင့် ဒေသခံတစ်ချို့မှာ နမ္မတီးမြို့သို့ စစ်ဘေးရှောင်နေရပြီး တစ်ချို့မှာ ကဆုန့်ကျေးရွာရှိ နှစ်ခြင်း ဘုရားကျောင်းဝင်းအတွင်းတွင် နေနေကြသည်ဟု အမည်မဖော်လိုသူ ကဆုန့်ကျေးရွာသား တစ်ဦးက ပြောသည်။

“အခုကျနော်တို့က စီစဉ်နေတာက ထွက်ပြေးရမလား နေနေရမလားလို့ ထွက်ပြေးသွားတဲ့လူတွေက တစ်ဝက်လောက်ရှိသွားပြီ အားလုံး လူဦးရေ ၂၀၀၀ ကျော်ကျော် ရှိတာထဲက တစ်ဝက်လောက်ထွက်ပြေးသွားပြီ ဟိုနမ္မ တီးဖက်ပေါ့။ နမ္မတီးဖက် ထွက်ပြေးသွားတာ သေနတ်သံကြားတဲ့အချိန်မှာ ကျနော်တို့က အသံကြားတာနဲ့ သတင်းရတာနဲ့တော့ ထွက်ပြေးတာပေါ့ လူကြီးတွေနဲ့ ကလေးတွေ အဝေးမသွားနိုင်တဲ့သူက ဘုရားကျောင်းမှာ စုနေတာ အဲဒါကတော့ တစ်ထောင်ပတ်ဝန်းကျင်လောက်ရှိတယ်” ဟုပြောသည်။

ထို့အပြင် လိုင်ဇာမြို့အနီးသို့ ဧပြီလ ၂၀ ရက် ယနေ့တွင် အစိုးရတပ်မတော်က လက်နက်ကြီး ပစ်ခတ်မှု များရှိ သည်ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ တစ်နာရီခွဲ နှစ်နာရီ ပတ်ဝန်းကျင်ပေါ့ မုန်လိုင်ခက်ဖက် ၂ လုံး မုန်းဆန်ယန်ဖက် ၂ လုံး လဝါယန်ဖက် ၁ လုံး၊ ၅လုံးကျတယ် ထိခိုက်ဒဏ်ရာရတာ မရှိဘူး လူတွေမရှိတဲ့နေရာမှာ ကျတယ်လို့ကြားတယ်”

ယနေ့အတွင် ကေအိုင်အို/ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးအပြင် ဌာနချုပ်ဟောင်း လိုင်စင်အနီးတဝှိုက်နှင့် တပ်မဟာ ၃ နယ် မြေဖြစ်သည့် မိုင်ဂျာယန်အနီးတဝှိုက်သို့လည်း အစိုးရတပ်မတော်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော် ပယင်းမှော်များကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ တပ်ရင်း ၁၄ က ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေး ပြုလုပ်မည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား ၂၀၁၈ ခုနှစ် ဧပြီလအတွင်းတွင် တိုက် ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာနေရသည့်အပြင် အသက်ဆုံးရှုံးသူများလည်း ရှိနေသည်။