ဖမ်းဆီးခံ သတင်းသမားများလွှတ်ပေးရန် တိုင်းရင်းမီဒီယာ အဖွဲ့များတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။

ဖမ်းဆီးခံထားရသည့် မြန်မာသတင်းသမားများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသားသတင်းသမားများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေများကို နိုင်ငံတော် အစိုးရမှ ပြဌာန်းပေးရန် တိုင်းရင်းမီဒီယာ ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ဧပြီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံအပြီးတွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“အဓိကကတော့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်းဆိုချင်တာက ဒီ သတင်းသမားတွေကို ဖမ်းဆီးတဲ့ ဥပဒေတွေ ရှိနေတယ်။ သူတို့ကို တရားစွဲဖို့ ဥပဒေတွေရှိနေတယ် အဲဒီ ဥပဒေတွေက ဟိုးအရင်က ခေတ်က ဆွဲထားတဲ့ ဥပဒေတွေဆိုတော့ ကနေ့ ဒီမိုကရေစီ အကူးအပြောင်းမှာ အဆင်မပြေတော့ဘူး။ အဲဒီ ဥပဒေတွေကို ဖျက်ပေး ဖို့ လိုတယ်။ နောက်ပြီးတော့ အရေးကြီးတာက သတင်းသမားတွေ ကာကွယ်ပေးတဲ့ ဥပဒေတွေလည်း ပြန်ပြီးတော့ ရေးသားဖို့လိုတယ်။ ဒါတောင်းဆိုချင်တယ်” ဟု BNI Multimedia Group အလုပ်အမှုဆောင် ဒါရိုက်တာ နိုင်ကဆုမွန် က ပြောသည်။

ထို့အပြင် တိုင်းရင်းသားဒေသများတွင် မီဒီယာဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရည်အသွေးပြည့်ဝသော တိုင်းရင်းသား သတင်းသမားများ ပိုမိုပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီဆောင်ရွက်ပေးရန် ထည့်သွင်းတောင်းဆိုထားသည်။

တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများ၏ မိခင်ဘာသာစကားဖြင့် ထုတ်လွှင့်သောရုပ်သံလိုင်းများ၊ FM Community Radio လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံထားသည်။

တိုင်းရင်းသား မီဒီယာ မူဝါဒရေးဆွဲရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည့်အပြင် တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရှင်သန်ရေးအတွက် တိုင်းရင်းသား သတင်းမီဒီယာသင်တန်းကျောင်း တည်ထောင်သွားမည်ဟု ညီလာခံမှ ဆုံးဖြတ်ခဲ့ကြသည်။

“ကျနော်တို့ ပေါ်လစီမူဝါဒတစ်ရပ် ဖြစ်လာတယ်ဆိုရင် ဒါကလွှတ်တော်ကတစ်ဆင့် အစိုးရအထိသွားရမှာ အဲဒါဆိုရင် ပြည်နယ်တွေကို ဒီတိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်ဘယ်လောက် အကူအညီပေးမယ်ဆိုတာ သူတို့ ငွေရေးကြေးရေးက ခွဲဝေပြီးတော့ သူတို့ပေးလာနိုင်တာလဲရှိတာပေါ့။ ပြီးရင်ကျနော်တို့အတွက် အကာအကွယ်တွေ တိုင်းရင်းသားတွေ အကာအကွယ်တွေ လုံခြုံမှု မရှိဘူးဖြစ်နေတယ်။ အဲတော့ အစိုးရကနေပြီးတော့ ကျနော်တို့ရဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရက ပေါ်လစီတွေ ချမှတ်ပေးဖို့ ဒါကိုလုပ်ဆောင်ပေးဖို့လိုတယ်” ဟု Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ခိုင်မြတ်ကျော် က ပြောသည်။

တိုင်းရင်းသား မီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး၊ တိုင်းရင်းမီဒီယာတွင် အရည်အသွေးပြည့် အမျိုးသမီး သတင်းထောက် အရေအတွက် တိုးပွားလာရေး၊ တိုင်းရင်းသား လူမျိုးစုများ မိခင်ဘာသာရပ် စာပေသင်ကြားခွင့် တိုးတက်လာရေး၊ အစိုးဌာနများတွင် သတင်းရယူခွင့် တစ်ပြေးညီရရှိရေး၊ သတင်းသမားများ လုံခြုံရေးနှင့် ကာကွယ်မြှင့်တင်နိုင်ရေးစသည့် အကြောင်းအရာများကို ညီလာခံ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။

ညီလာခံသို့ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား မီဒီယာသမားများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ ပြည်နယ်ကိုယ်စားပြု အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ရန်ကုန်အခြေစိုက် မီဒီယာသမားများ စုစုပေါင်း လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။