အပစ်ရပ်အဖွဲ့များ ဘုံသဘောတူညီချက် ရှာဖွေမည်

သတင်းနှင့်မီဒီယာကွန်ရက်။
မေလ ၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

NCA အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် လက်ရှိနိုင်ငံရေး ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများအပေါ် အခြေခံ၍ ဘုံသဘောတူညီမှုများ ချမှတ်သွားရန် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ တိုက်တွန်း ပြောဆိုလိုက်သည်။

 သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအကြားအပြန်အလှန်လေးစားမှုနဲ့စိုးရိမ်မှုတွေကိုနားထောင်ကြဖို့လည်းလိုအပ်ပြီး၊ဘုံရပ်တည်ချက်ရှာဖွေကြရမှာ ဖြစ်ပါတယ်။NCA ကိုမိမိတို့အဖွဲ့အစည်းတခုစီကနေပြီးbilateral အခြေခံပြီးတနိုင်ငံလုံးဆိုင်ရာအဆင့်မှာအစိုးရ၊တပ်မတော်နဲ့လက်မှတ်ရေးထိုးထားကြတဲ့အတွက်ကျနော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာမိမိအဖွဲ့ရဲ့ရပ်တည်ချက်ကိုယူဆောင်လာကြပြီး၊ဘုံရပ်တည်ချက်ရှာကြံကာအတူတကွအကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။တူတာတွေကိုတွဲလုပ်၊မတူတာတွေကိုခွဲလုပ်သင့်တာတွေကိုလည်းခွဲလုပ်ရမှာ ဖြစ်ပါတယ်။

ယနေ့ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သဘာပတိ ၁ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း EAOsများနှင့် အစိုးရ၊တပ်မတော် ကြားတွင်ရှိသောကွာဟမှုများကိုလည်းinformal အစည်းအဝေးများဖြင့် ကျော်လွှားနိုင်ရန်အတွက်လည်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

၂ ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဏ နှင့် လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်း အဝေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခြင်း အပါ အဝင်၊  နိုင်ငံရေးကဏ္ဏဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်ကိစ္စ ၊ လုံခြုံရေး ကဏ္ဏဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်ကိစ္စ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး ကိစ္စများနှင့် ဆက်ဆံရေးရုံး ကိစ္စများကို အဓိကထား ဆွေးနွေးသွားကြရန် ရှိသည်ဟု သိရသည်။

အစည်းအဝေးတွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က NCA အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ကြသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး NCA လုပ်ငန်းစဉ်ကို အတူတကွ ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်းအဖြေရှာကြမည်ဟု ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ဆက်ပြောသည်။

ကျနော်တို့အကြားကို ဘယ်လို အတူတကွ ရှေ့ဆက်အကောင်အထည်ဖော်ကြမယ် ဆိုတာကို ကျနော်တို့ ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးမှာ ပြီးခဲ့တဲ့ အလွတ်သဘောဆွေးနွေးရေးအဖွဲ့တွေ နဲ့ အစိုးရ တပ်မတော် ကိုယ်စားလှယ်တွေ နဲ့ သွားရောက်ဆွေးနွေး ကြတဲ့ အကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံရေး လုံခြုံရေး ဆိုင်ရာ ကိစ္စများကို ပြန်လည်ညှိနှိုင်းတိုင်ပင်ပြီး ဘယ်လိုရှေ့ဆက် အတူတကွ အကောင်အထည် ဖော်ကြမယ်ဆိုတာကို ညှိနှိုင်းဖို့ ရှိမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၁၉  ကြိမ် မြောက် အစည်းအဝေးတွင် NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေကြသည်။