ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP အလွတ်သဘော ဆွေးနွေးရန် အစီအစဉ်ပျက်

သတင်းနှင့်မီဒီယာ ကွန်ရက်။
မတ်လ ၉  ရက်နေ့၊ ၂၀၁၈ ခုနှစ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP  တို့ အလွတ်သဘော တွေ့ဆုံရန် သဘောတူညီထားသော်လည်း အစီအစဉ် ပျက်သွားခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ရေး ကော်မတီ တို့ ထိုင်းနိုင်ငံ၌ မေလ ၁၂ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ညှိုနှိုင်းထားမှု ပျက်သွားခဲ့ခြင်း ဖြစ်သည်ဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးနိုင်ငံလင်း မှ အတည်ပြု ပြောဆိုသည်။

ကျနော် သိသလောက်ကတော့ အဲ့ဒီ ခရီးစဉ် ပျက်သွားတယ်လို့ သိတယ်ဗျ၊ ဟုတ်တယ် နာမည်တော့ပါတယ်။ မနက်ဖြန် သွားရမှာလေ၊ အဲ့ဒီ ခရီးစဉ် ပျက်တယ်လို့ ဒီနေ့ ပြောတယ်လေ၊ အဲ့ဒါကြောင့်မိုလို့။ ဘာကြောင့်လဲ ဆိုတာတော့ သေချာမသိဘူး ၊ အရင်တခေါက်ကလည်း လွိုင်ကော်မှာတွေ့တယ် အဲ့တစ်ခေါက်ကလည်း မပါထားဘူး အဲ့တော့ သေချာမသိဘူး။

ကနဦး စီစဉ်ထားချက်အရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ အငြိမ်းစား ဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင်များသည် မေလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိပြီး ၁၁ ရက်နေ့တွင် မယ်ဟောင်ဆောင်မြို့သို့ ခရီးဆက်၍ မေလ ၁၂ ရက်နေ့တွင် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ရေး ကော်မတီ နှင့် အလွတ်သဘော တွေ့ဆုံရန် ဖြစ်သည်ဟု သိရသည်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ပျက်ပြယ်သွားခဲ့သော်လည်း မကြာခင် ပြန်လည်တွေ့ဆုံနိုင်ရန် နှစ်ဖက် ကိုယ်စားလှယ်များ စာဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုနေပြီး ယခုလမကုန်မှီ တွေ့ဆုံနိုင်ရန် ခန့်မှန်းထားသည်ဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသည်။

ယခု တွေ့ဆုံမှု ပျက်ပြယ်သွားခဲ့ရခြင်းနှင့် ပတ်သက်၍ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး ကို ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။

ထိုင်း မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား ခေါင်းဆောင်တချို့၏ ပြောဆိုချက်အရ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပျက်ပြယ်သွားခဲ့ရခြင်းသည် ငြိမ်းချမ်းရေး ကော်မရှင် ဖက်မှ တရားဝင်စာဖြင့် ပေးပို့ခြင်း မရှိပဲ တယ်လီဖုန်းဖြင့်သာ ဆက်သွယ်ချိန်းဆိုခဲ့ခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာများ မသိရှိရခြင်း များအပေါ် တရားဝင်စာဖြင့် ပေးပို့ညှိနှိုင်းသွားရန် အပြန်အလှန် ပြောဆိုညှိနှိုင်းခဲ့ရာမှ တွေ့ဆုံမည့်ရက် နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့သည် ဧပြီလ ၂၆ ရက်နေ့က ကာယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြည်နယ်အဆင့် နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သော နှစ်ဖက် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းသွားရန် အပါအဝင် အချက် ၃ ချက်ပါ သဘောတူညီမှု ရရှိခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။