ချိန်းဆိုခဲ့သည့် အစည်းအဝေးကို အစိုးရဘက်က ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း KNPP ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်။

မေ ၁၂ ရက်တွင် ပြုလုပ်မည့် အလွတ်သဘော အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း KNPP က ပြောသည်။

တွေ့ဆုံဆွေးနွေးရန် ပေးပို့လာသည့် အကြောင်းအရာများမှာ ရှင်းလင်းမှု မရှိသည့်အတွက် ပြန်လည်ရှင်းလင်းပေးပါရန် စာပို့အကြောင်းအကြားရာမှ ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ဆွေးနွေးပွဲကို ဖျက်လိုက်ခြင်းဖြစ်သည်ဟု KNPP ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က ပြော သည်။

“အဲလိုပြန်တဲ့စာပေါ်မှာက အစိုးရက ကျိုးကြောင်းမဆီလျော်ဘူးလား ဒါမှမဟုတ် နားလည်မှုလွဲတာလား ဘယ်လိုဖြစ်မလဲမသိဘူး အကြောင်းမညီညွှတ်ဘူးလား ဆိုပြီးတော့ အဲလိုပြောလာပြီးတော့ သူတို့ဖက်ကနေ အစည်းအဝေးကို Propose (ကမ်းလှမ်း) ထားတဲ့ အလွတ်သဘော အစည်းအဝေးကိုပေါ့ ဖျက်လိုက်တယ်ပေါ့ ဆိုတော့ KNPP ဖက်က လက်မခံနိုင်လို့လည်း မပြောဘူး။”

KNPP ဘက်ကတော့ ဒီအစည်းအဝေးကို လက်မခံကြောင်း မပြောခဲ့ပဲ ပေးပို့လာသော စာပါအကြောင်းအရာ များကို ပြန်လည် မေးမြန်းခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“KNPP ဖက် ဒီအစည်းအဝေးကို ဖျက်စရာအကြောင်းလည်း မရှိဘူး အဲဒီ စာအရ မရှင်းလို့ ရှင်းအောင်ပြန်မေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ အဲဒီအဆင့်မှာပဲ အစိုးရဖက်က ကျိုးကြောင်းမဆီလျော်ဘူး ဆိုပြီးတော့ အစည်းအဝေးကို ဖျက်လိုက်တာဖြစ်တယ်။”

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဖက်မှ မေလ ၁၁ ရက် သို့မဟုတ် ၁၂ ရက်နေ့တွင် ကရင်နီအမျိုးသား တိုး တက်ရေးပါတီ KNPP နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် တွေ့ဆုံဆွေးနွေးရန် ပြောဆိုလာပြီးနောက် မေလ ၉ ရက် နေ့တွင် တွေ့ဆုံဆွေးနွေးရန် အကျိုးကြောင်း မဆီလျော်သည့်အတွက် လာရောက်တော့မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်စား ဦးခင်ဇော်ဦးက စာပို့အကြောင်းကြားလာခြင်း ဖြစ်သည်ဟု KNPP က ပြော သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် PC ဖြင့် တွေ့ဆုံမည်ဆိုပါက KNPP က ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေး ကော်မတီဖြင့်သာ တွေ့ဆုံမည် ဟု နဲနယ်ပလိုးက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့အကြား တွေ့ဆုံဆွေး နွေးရန် ပျက်ပြယ်သွားခဲ့သော်လည်း ပုံမှန် ဆက်သွယ်မှုများ ရှိနေသည်ဟု KNPP က ဆိုသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေဖြင့် အစိုးရနှင့် သဘောတူညီ လက်မှတ်ရေးထိုးထားသည့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် စာချုပ်ပါ အကြောင်းအရာများကို အကောင်အထည်ဖော်ပြီး ယုံကြည်မှု တည်ဆောက်နိုင်မှသာ NCA လက်မှတ်ရေးထိုးသည့် အဆင့်ကို တက်လှမ်းမည်ဟု နဲနယ်ပလိုး က ပြောသည်။

“စိန်ခေါ်မှုတွက NCA လက်မှတ်ရေးထိုးပြီးတဲ့နောက် အကောင်အထည်ဖော်မှု အပိုင်းမှာပေါ့နော အဓိက စိန် ခေါ် မှုဖြစ်စေတာကတော့ စောင့်ကြည့်ရေး အပိုင်းတွေမှာ ပစ်ခတ်မှုတွေ ပြန်မဖြစ်အောင် ထိန်းသိမ်းတဲ့ အပိုင်းတွေ ပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေအရ တွေဆိုလို့ရှိရင် စိန်ခေါ်မှုတွေ အများကြီးမြင်ရတာပေါ့နော။ ဆိုတော့အဲဒီဟာတွေကို ကျနော်တို့က အဲဒီဟာတွေ အပေါ်မှာ ယုံကြည်မှုတွေ ပိုတည်ဆောက်နိုင်ပြီးတော့ ရှောရှောရှူရှူ အကောင် အထည် ဖော်နိုင်ဖို့အတွက် ကျ နော်တို့ အာမခံချက်တွေ ရနိုင်မယ်ဆိုလို့ရှိရင် အဲဒီစိန်ခေါ်မှုကို တစ်စုံတစ်ရာ ဖြေလျှော့ပေးနိုင်မယ်လို့ မြင်တယ်။” ဟု KNPP က ပြောသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့သည် ဧပြီလ ၂၆ ရက်နေ့က ကာယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြည်နယ်အဆင့် နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ် ဆိုခဲ့သော နှစ်ဖက် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ ကြ ပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းသွားရန် အပါအဝင် အချက် ၃ ချက်ပါ သဘော တူညီမှု ရရှိခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။