နိုင်ငံရေး လုံခြုံရေး မူဝါဒများ ဆွေးနွေးရန် အပစ်ရပ်အဖွဲ့များ ကော်မတီသစ်တစ်ရပ်ဖွဲ့စည်း

သတင်းနှင့် မီဒီယာကွန်ရက်။
မေလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။

တစ်ဆို့နေသည့် နိုင်ငံရေးဆိုင်ရာမူဝါဒနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ အစိုးရနှင့် ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ကော်မတီသစ် တစ်ရပ်ကို ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီအသစ်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၁၉ ကြိမ်မြောက် အစည်းအဝေး မှ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ကျွန်တော်တို့ ၉ ဦးနဲ့ ပြန်ဖွဲ့တယ်။ ဒီ ၉ ဦးမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ပဒိုကွယ်ထူးဝင်း ဒါပေမယ့် လက်ရှိအခြေအနေအရ ပဒိုကွယ်ထူးဝင်းက ဒု-ဥက္ကဋ္ဌ KNU ဖြစ်တဲ့အတွက် တပ်ဖွဲ့ထဲမှာ အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိနေတဲ့အတွက် အခုလောလောဆယ်မှာတော့ ကျနော် တို့ အဖွဲ့ခေါင်းဆောင်အနေနဲ့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူးပေါ့ ပဒိုစောတာဒိုမူးကို ကျနော်တို့ အဖွဲ့ ခေါင်း ဆောင်အနေဖြင့် တာဝန်ပေးပါတယ်” PPST ပြောရေးဆိုခွင့်ရှိသူ ဦးသံခဲ က ပြောသည်။

ကော်မတီသစ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်တို့နှင့် ဆွေးနွေးပွဲ ရလာဒ်အပေါ် မူတည်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်မည်မတက်မည်ကို ဆုံးဖြတ်သွားမည်ဟု ဦးသံခဲက ဆက်ပြောသည်။

တစ်စို့နေသည့် အခြေအနေများ၊ မူဝါဒများဆွေးနွေးရန် ကနဦးက အဖွဲ့ဝင် ၇ ဦး ထားရှိရာမှ ယခုခါတွင် ၉ ဦး ဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

အဆိုပါအဖွဲ့တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA တွင် လက်မှတ်ရေးထိုးလိုက်သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ အဖွဲ့ဝင်သစ်များဖြင့် ထပ်မံတိုးချဲ့လိုက်သည်။

လုံခြုံရေးကဏ္ဍအတွက်လည်း အဖွဲ့ဝင်များ ရွေးချယ်ပြီးပြီဟု ဦးသံခဲ က ဆက်ပြောသည်။

“လုံခြုံရေးကဏ္ဍမှာတော့ ကျွန်တော်တို့ ခုလောလောဆယ်က ညှိနှိုင်းနေစဲဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေးကဏ္ဍကလည်း ဖွ့ဲပြီးပါပြီ ခုနပြောသလိုပဲ ခုလောလောဆယ်မှာကတော့ အဖွဲ့ခေါင်းဆောင် အနေနဲ့ကတော့ ကျနော်တို့ မထားသေးတဲ့ သဘောပေါ့ ဒါလည်း ၉ ဦးပါပဲ”

(မေလ ၁၁) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် ကော်မတီအသစ်တွင် အဖွဲ့အတွင်း ခေါင်းဆောင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်ကို တာဝန်ပေးထားသည် ဟု အပစ်ရပ်ခေါင်းဆောင်များက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးကော်မတီနှင့် အစိုးရတို့ ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို လာမည့် မေလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တွေ့ဆုံမည်ဟု သိရသည်။

“NCA လက်မှတ်ရေးထိုးထားတဲ့ EAOs ၈ ဖွဲ့ရဲ့ ဒီအလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တွေရဲ့ ပြင်ဆင်ဖို့ လိုပါတယ်။ ဆက်ပြီးတော့မှ ကျနော်တို့ ၁၂၊ ၁၃ ပေါ့ ဆက်ပြီးတော့မှ ပြင်ဆင်ရေးအတွက် ဆွေးနွေးပွဲတွေ ရှိပါတယ်။ အဲဒါပြီးမှပဲ အစိုးရတပ်မတော်နှင့် ညှိနှိုင်းပြီးတော့မှ အလွတ်သဘောတွေ့ ဆုံဆွေးနွေးရေးကို အမြန်ဆုံးဖြစ်နိုင်အောင် ဆောင်ရွက်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်”

PPST အနေဖြင့် နိုင်ငံရေးကဏ္ဍဆိုင်ရာနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာများနှင့် ပတ်သက်ပြီး အစိုးရနှင့် ပထမအကြိမ် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို KNU ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်ခဲ့သည်။