မြန်မာဘက်ခြမ်းတွင် သိန်း ၁၀,၀၀၀ ဖိုးနီးပါး စိတ်ကြွဆေးဝါးများ ဖမ်းမိ
သတင်းနှင့်မီဒီယာကွန်ရက်။
မေလ ၁၄ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀၀ တန်ဖိုးရှိသည့် မက်သာဖက်တမင်း ဟိုက်ဒြိုလ်ကလိုရိုက် ( ယာအိုက်စ်) အဖြူရောင်ပုံဆောင်ခဲမှုန့် ၄၈ ကီလိုအား တာချီလိတ်မြို့တွင် မူးယစ်ရဲ တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန်းပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ်မြို့နယ် မူးယစ်ရဲတပ်ဖွဲ့မှ တာဝန်မှူး တပ်ကြပ်ကြီး ဇင်ကိုကို က အတည်ပြု ပြောဆိုပါတယ်။
မူးယစ်ရဲတပ်ဖွဲ့နှင့် ပူပေါင်းစစ်ဆေးရေးအဖွဲ့သည် တာချီလိတ်မြို့မှ ဝမ်ပုံဘက်သို့ မောင်းနှင်လာသည့် TOYOTA Mark –II အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ရာမှ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု တပ်ကြပ်ကြီး ဇင်ကိုကို မှ ဆက်ပြောသည်။
အိုက်စ် က ၄၈ ကီလိုလောက်မိပါတယ်။ ကာလတန်ဖိုးက တစ်ကီလိုကို ကျပ်သိန်း ၂၀၀နှုန်းဖြင့် ကျပ်သိန်းပေါင်း ၉၆၀၀ ပေါ့နော်။ မူးယစ်ဆေးသယ်လာသူ တစ်ယောက်ဖမ်းမိပါတယ်။ ဖမ်းမမိတာက ယာဉ်မောင်းပါ။ ယာဉ်မောင်း မောင်းလာတဲ့ကောင်က ကားပေါ်က ခုန်ချပြီး ထွက်ပြေးသွားတယ်ဗျ၊ သူနဲ့အတူ လိုက်ပါလာတဲ့လူကို မိတယ်ဗျ၊ ဟု သတင်းနှင့်မီဒီယာကွန်ရက် ကို ပြောသည်။
မူးယစ်ဆေးသယ်ဆောင်လာသူမှာ အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်း အိုက်နွန် ဆိုသူဖြစ်ပြီး အသက် ၂၁ နှစ် အရွယ် စိုင်းကျောက် ဆိုသူမှာ ယာဉ်မောင်း အိုက်နွန် နှင့်အတူ လိုက်ပါလာခဲ့ပြီးနောက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဆီးစစ်ဆေးချိန်၌ ယာဉ်မောင်း အိုက်နွန် သည် ကားပေါ်မှ ခုန်ချထွက်ပြေး သွားခဲ့၍ လွတ်မြောက်သွားခဲ့သည်ဟု ဆက်ပြောသည်။
ယာအိုက်စ် ဟုခေါ်သော အဖြူရောင်ပုံဆောင်ခဲ မူးယစ်ဆေးဝါးများကို ကားနောက်ဖုံးထဲ၌ အစိမ်းရောင် Gun Yin Wang တံဆိပ် ပါရှိသော တရုတ်လ္ဘက်ခြောက်အိတ်ထဲမှာ တစ်ကီလိုစီခွဲ၍ သိုဝှက်သယ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ကိုင်ဖုန်း ၃ လုံး နှင့် ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သည့် တရားခံ စိုင်းကျောက် အား လောလောဆယ် တာချီလိတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ပုဒ်မ ၁၉(က)/၂၁ ဖြင့် ဝမ်ပုံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
ဧပြီလ ၁၉ ရက်နေ့ကလည်း တာချီလိတ်မြို့ ဝမ်လုံကျေးရွာအုပ်စု လွယ်စီတုံရွာအနီး ပြည်သူ့စစ်စခန်းရှေ့တွင် မြန်မာ ကျပ်ငွေ သိန်း ၄၀၀၀၀ တန်ဖိုးရှိသည့် ယာအိုက်စ် ခေါ် အဖြူရောင် မူးယစ်ဆေးဝါးအမှုန့် ကီလို ၂၀၀ ကို ဖမ်းဆီးရမိခဲ့သေးသည်။
ယမန်နေ့ညက လည်း ထိုင်းနိုင်ငံဖက်ခြမ်းတွင် တာချီလိတ်မှ ဝင်ရောက်လာသည်ဟု ယူဆရသော စိတ်ကြွဆေး ၅ သန်းနှင့် ဘိန်းဖြူ ကီလို ၇၀ ကို ဖမ်းဆီးမိခဲ့သေးသည်။