ပြည်နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား

သတင်းနှင့် မီဒီယာကွန်ရက်။
မေလ ၁၄ ရက်၊၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

အစိုးရတပ်မတော်သည် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေ သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တိုက်ပွဲဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် KIA တို့အကြား မေလ ၁၄ ရက်နေ့ ယနေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို ပြောသည်။

“KIA တပ်ရင်း ၄ နယ်မြေတို့ တပ်ရင်း ၂၀ တို့ ၆ တို့ အဲဖက်မှာ တိုက်ပွဲဖြစ်တယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ မြေပြင်သတင်းတွေ တပ်ပိုင်းဆိုင်ရာ သတင်းတွေကတော့ မတက်သေးဘူး။”

မေလ ၁၃ ရက်နေ့ ယမန်နေ့ကလည်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ဗိုလ်မှူးနော်ဘူက “မနေ့က လည်း အဲလိုပါပဲ ဟိုတပ်ရင်း ၄ ဖက်မှာလည်း လက်နက်ကြီး လှမ်းပစ်တဲ့ သတင်းတွေ ရှိပါတယ်။ နောက်ပြီးတော့ ဟို တပ်ရင်း ၆ ဖက်မှာလည်း လက်နက်ကြီးနဲ့ ထုတယ် နောက်ရင်ဆိုင်တိုက်ပွဲဖြစ်တယ် ဆိုတာကြားပါတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် အစိုးရ တပ်မတော်ဖက်မှ KIA တပ်ရင်း ၆ အပြင် တပ်ရင်း ၄ တပ်ရင်း ၂၀ နှင့် တပ်ရင်း ၇ တို့ဖက်တွင် တပ်အင်အားဖြည့်တင်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု  ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်အတွင်းတွင်လည်း အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား မေလ ၁၄ ရက် ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု PSLF/ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့ မနက် ၁၀ နာရီကနေ ၁၀ နာရီ ၄၅ အထိ ဒီ နမ့်အွမ်နဲ့ ကောင်းခါးရွာကြားပေါ့။ အဲမှာ ကျနော်တို့ မြန်မာ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်။ အဓိကကတော့ တပ်မတော်ဖက်က ထိုးစစ်တွေ များလာတယ်ပေါ့နော် ထိုးစစ်တွေများလာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ၎င်းတို့ လှုပ်ရှားရာဒေသအတွင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည့် အပေါ် PSLF/TNLA က ယခုလိုသုံးသပ်ပြောဆိုသည်။

“ကျနော်တို့ တိုက်ပွဲဖြစ်တာတွေကို ပြန်ပြီးလေ့လာကြည့်လိုက် လို့ရှိရင်တော့ သူကတစ်ဖက်တိုက်ပြီးလို့ရှိရင် တစ်ဖက် ပြန်တိုက်တာပေါ့နော် အရင်က ကချင်ဖက်ပြန်ပြီး ပြင်းထန်တယ်။ ကချင်ဖက် နည်းနည်း ပြန်တိတ်တော့ ကျွန်တော်တို့ဖက် ပြန်ဖြစ်လာတယ်။ ဒါက မြန်မာ့တပ်မတော် အမြဲတမ်းပြုလုပ်နေကျ ပုံစံပေါ့။ ဖြန့်ပြီးမှ သူကမတိုက်ဘူး တစ်ဖက်တိုက်ပြီးလို့ရှိရင် တစ်ဖက်ပြန်တိုက်တာပါ။ တော်တော်များများက တိုက်ပွဲလုံးဝငြိမ်သွားအောင် ငြိမ်သွားတာမျိုး မရှိအောင် ဖန်တီးတဲ့သဘောပေါ့” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကုလားတန်မြစ် အရှေ့ဖက်ကမ်း ကုန်းပြင်ကျေးရွာအနီးတွင် မေလ ၁၄ ရက်နေ့ ယနေ့ နှင့် မေလ ၉ ရက်နေ့တို့တွင် ရက္ခိုင့်တပ်မတော် နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည် ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့ ယနေ့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရတပ်မတော်တို့အကြား ဖာပွန်ခရိုင်အတွင်း စစ်ရေးတင်းမာမှု ရှိနေသည်ဟု သိရသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ ဧရိယာအတွင်းတွင် အစိုးရတပ်မတော်မှ ဒေသဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ လမ်းဖောက်လုပ်မှုများ ပြုလုပ်လာသည့်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လကတည်းက စတင်ကာ နှစ်ဖက်တင်းမာမှုများ ရှိလာသည်မှာ ယနေ့အချိန်အထိဖြစ်သည်။