ပန်ခမ်းတွင် TNLA ဆက်ဆံရေး ရုံးဖွင့်

သတင်းနှင့် မီဒီယာကွန်ရက်။
မေလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)က UWSP/UWSA “ဝ”ဌာနချုပ် ပန်ဆန်း(ပန်ခမ်း) တွင် ဆက်ဆံရေးရုံး တစ်ရုံးကို မေလ ၁၇ ရက်နေ့ ယမန်နေ့က ဖွင့်လှစ်လိုက်သည်။

“အဓိကအားဖြင့် ကျနော်တို့ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ဟာ FPNCC လုပ်ငန်းတွေ လည်ပတ်ဖို့ တွေ့ဆုံညှိနှိုင်းတဲ့ကိစ္စ၊ အစည်းအဝေးကိစ္စ၊ သူက ကော်မတီတွေအလိုက် လုပ်ငန်းတွေရှိတယ်။ အဲကြောင့်မို့လို့ အလွယ်တကူ ဆက်သွယ်လို့ရအောင် ဒီရုံးကို ဖွင့် ရခြင်းဖြစ်တယ်” ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

PSLF/TNLA အနေဖြင့် “ဝ” ဒေသကဲ့သို့ လွတ်မြောက်နယ်မြေ မရှိသည့်အတွက် မဟာမိတ်အချင်းချင်း အလွယ်တကူ တွေ့ဆုံဆွေးနွေးနိုင်ရန် UWSP/UWSA ထံတွင် အကူအညီ တောင်းခံပြီး ပန်ဆန်း(ပန်ခမ်း)တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည် ဟု PSLF/TNLA က ပြောသည်။

ပန်ဆန်း(ပန်းခမ်း)တွင် ပြုလုပ်ခဲ့သည့် PSLF/TNLA ၏ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ PSLF/TNLA ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ ရုံးအဖွဲ့ဝင်များနှင့်အတူ FPNCC မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည် ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

ထို့အပြင် ကျန်ရှိနေသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee) အဖွဲ့ဝင်များလည်း ပန်ဆန်း(ပန်ခမ်း)တွင် ၎င်းတို့ကဲ့သို့ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်ရှိသည် ဟု PSLF/TNLA က ပြောသည်။

“တစ်ခြားအဖွဲ့လည်း ဖွင့်မယ်လို့ ကြားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းက အကုန်လုံးရုံးရှိမှပဲ သူက ဆက်သွယ်ဆောင်ရွက်လို့ ရတဲ့အပိုင်း ရုံးမရှိပဲနဲ့ ဒီလုပ်ငန်းလည်ပတ်ဖို့အတွက် တော်တော်လေးခဲယဉ်းတယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ MNTJP ကိုးကန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ PSC မိုင်းလား နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ပါဝင်သည်။