UNFC အရေးပေါ်ညီလာခံ ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ၏ အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်း ကျင်းပရန် ရှိသည်ဟု UNFC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။
“ကျနော်တို့ ဇူလိုင်လမှာ လုပ်ဖို့လျာထားပါတယ်ဗျာ။ ရက်ကတော့ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ပြော သည်။
ဇူလိုင်လတွင် ကျင်းပမည့် ညီလာခံသည် UNFC ၏ တတိယသက်တမ်းအတွင်း ပြုလုပ်သည့် အရေးပေါ် ညီလာခံမျိုးဖြစ်ပြီး ၎င်းညီလာခံအတွင်း မဟာဗျူဟာ အထွေထွေလုပ်ငန်းစဉ်ကို ဆွေးနွေးမည်ဟု ဦးထွန်းဇော် က ပြောသည်။
“တစ်စုံလုံး ကို ချုပ်ပြောရင်တော့ UNFC အနေနဲ့ လက်ရှိအခြေအနေအရ ခေါ်ယူကျင်းပတဲ့ အရေးပေါ် ညီလာခံ ကတော့ UNFC ရဲ့ မဟာဗျူဟာ အထွေထွေလုပ်ငန်းစဉ်တွေနဲ့ ရှေ့ဆက်မယ့် အနာဂတ်လုပ် ငန်းစဉ်တွေကို အဓိက ချမှတ်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းတွင် ကျင်းပမည့် UNFC ၏ အရေးပေါ် ညီလာခံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် လျှောက်ထားသည့် အဖွဲ့များအား အဖွဲ့ဝင်အသစ်အဖြစ် လက်ခံခြင်း လက်မခံခြင်းအပြင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့် တောင်းခံထားသည့် အဖွဲ့များကိုလည်း နုတ်ထွက်ခွင့် ပြုမည် မပြုမည် စသည့်အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိသည်ဟု ဦးထွန်းဇော် က ပြောသည်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ ဖြစ်သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP သည်လည်း အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး အလွတ်သဘောတွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှာ UWSP “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ် သကဲ့သို့ UNFC ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ သို့သော် UNFC မှ နှုတ်ထွက်ခွင့် တောင်းခံထားသည်။
ထိုကြောင့် လက်ရှိတွင် UNFC အဖွဲ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ရှိနေသည်။