FPNCC ခေါင်းဆောင်များ တရုတ်နှင့်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၈ရက်၊ ၂၀၁၈ ခုနှစ်။
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC နှင့် တရုတ်ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် မေလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံခဲ့သည်။
“ဟုတ်ပါတယ်။ ဒီနေ့တွေ့တယ်။ အသေးစိတ်တော့မသိသေးဘူး။ အခုသူတို့တွေ ကူမင်းမှာ ရှိနေတယ်။ FPNCC က ခေါင်းဆောင်တွေပေါ့” ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦး က ပြောသည်။
အဆိုပါ တွေ့ဆုံမှုမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက ဖိတ်ကြားခြင်းဖြစ်သည်ဟု ပြောသည်။
ယနေ့တွေ့ဆုံပွဲ မတိုင်မီက တရုတ်က FPNCC အဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန်နှင့် မကြာမီ ကျင်းပရန် ပြင်ဆင်နေသည့် ဒုတိယ ပင်လုံညီလာခံ တတိယ အစည်းအဝေး တက်ရောက်ရန် ဖိအားပေး တိုက်တွန်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ယနေ့တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ်ဟု ခေါ်ကြသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက် ကိုင် အဖွဲ့ ၇ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည်ဟု သိရသည်။
ယနေ့တွေ့ဆုံမှုနှင့်ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တွေ့တာကတော့ ၁၅ ရက်နေ့လောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရုတ်ပြည်တွင်းမှာ လုပ်တယ်လို့ သိရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးပြီးတော့ တရုတ်တက္ကသိုလ်တွေက ပညာရှင်တွေပါတဲ့ ဟာတစ်ခုလုပ်တယ်။ အဲ့ဒါပြီးတော့ ဒီဆွေးနွေးပွဲပေါ်လာတယ်။ ပေါ်လာတယ်ဆိုတဲ့အခါမှာကြတော့ သူက ပြဿနာက ဘာလဲဆိုတော့ အခုနကလို မူဆယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေပေါ်လာတဲ့ အခြေ အနေတွေလည်း ပေါ်လာလို့ ဒီလိုတွေ့ဆုံမှုဖြစ်တယ်လို့ပဲ ကျွန်တော်တို့ တွက်ဆရတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများရှိပြီး ယင်းသို့တွေ့ဆုံရာတွင် မြန်မာပြည် မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ အရေးကိုပါ ထည့်သွင်း ဆွေးနွေးလေ့ရှိသည်။
“ဒါပေမယ့် တရုတ်က တလျှောက်လုံးလုပ်နေတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ မြောက်ပိုင်း (၇) ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရအောင် တိုက်တွန်းနေတာ။ အဲ့တော့ တဘက်ကို တိုက်တွန်းတယ်၊ တဘက်ကိုလည်းပဲ ဒီမြောက်ပိုင်း (၇) ဖွဲ့ကိုလည်း NCA ထိုးလိုက်ပါလို့ တိုက်တွန်းတာရှိတယ်။ အစိုးရနဲ့ တပ်ဘက်ကိုလည်း (၇)ဖွဲ့လုံးကို လက်ခံပါလို့ တိုက်တွန်းတာရှိတယ်။ အဲ့တော့ ဒီနေ့ ဆွေးနွေးပွဲကတော့ တခြားဘာရှိမလဲတော့ ခန့်မှန်းရခက်ပေမယ့် ဒီအချက်ပေါ်ပဲ မူတည်ပြီးတော့ ဆက်လက်တိုက်တွန်းနေတယ်လို့ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုး က ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်း မြို့တွင် FPNCC ခေါင်းဆောင်များနှင့် တရုတ်ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတိ့ု တွေ့ဆုံခဲ့ရာတွင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၇ ဖွဲ့အား NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သည်။
ဒုတိယအကြိမ် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့မှာ ထိပ်သီး ခေါင်းဆောင်များ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
“ဝ” ဦးဆောင်သည့် FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်ပြီး NCA လမ်းကြောင်း မဟုတ်သည့်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို အရယူမည်ဟု ကြေညာထားသည်။