တနိုင်းစစ်ရှောင် ၇၀ နီးပါး ထပ်မံရောက်၊ ပိတ်မိသူများ ကျန်နေဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။

တနိုင်းမြို့နယ်အတွင်း ပိတ်မိနေသော စစ်ဘေးရှောင် ၇၀ နီးပါး တနိုင်းမြို့သို့ ထပ်မံရောက်ရှိလာသည်ဟု တနိုင်းဒေသခံများက ပြောသည်။

“အခုတော့ ရောက်နေပြီ ၆၈ ယောက်လောက် နို့စို့ကလေးရော အားလုံးအပါပေါ့ နို့စို့ကလေးတွေ ရော မသန်စွမ်း တွေရော သက်ကြီးရွယ်အိုပါတာ တွေ့လိုက်တယ်။ အားလုံးကတော့ ၆၈ ယောက်ပဲ ကျား/မ အားလုံးပေါင်းပေါ့” ဟု တနိုင်းမြို့ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ ကော်မတီဝင် ဦးနော်တောင် က ပြောသည်။

တနိုင်းမြို့ပေါ်သို့ ထပ်မံရောက်ရှိလာသူများမှာ တနိုင်းမြို့နယ်အတွင်းရှိ အောင်လော့ဒ်ကျေးရွာနှင့် အနီးအနား ကျေးရွာများက ဒေသခံများဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့ကို တနိုင်းမြို့ရှိ ကချင် ရိုမန်ကက်သလစ်( RC) ခရစ်ယာန် ဘုရားကျောင်းဝင်းထဲတွင် နေရာချထားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် တောထဲတွင် ပိတ်မိနေသူများ ကျန်ရှိနေသေးသည်ဟု တနိုင်းမြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များက ပြောသည်။

ပိတ်မိနေရာမှာ လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဦးအောင်လတ်က “ကျွန်တော်တို့ သူငယ်ချင်းတွေ အများကြီးကျန်သေးတယ်။ တချို့တောထဲမှာ ကလေးမွေးတော့ မထွက်လာနိုင်ဘူး။ နှစ်ယောက်က တောထဲမှာမွေးတယ်။ သုံးလေးယောက်လောက်ကတော့ ရွာမှာကလေးမွေးခါစဆိုတော့ အရမ်းငယ်သေးတယ် ကလေးက။ ဆက်ပြီး ထွက်လာဖို့ အရမ်းခက်ခဲတယ်။ တချို့ကတော့ လမ်းမလျှောက်နိုင်တော့ဘူး။ အဘိုးတွေ အဘွားတွေ ကလေးတွေလည်း ကျန်နေသေးတယ်။ တောထဲမှာပဲ တောင်ယာခုတ်ရရင်လည်း ခုတ်မယ်။ မရရင်လည်း မတတ်နိုင်ဘူး။ မသွားနိုင်တော့ဘူးဆိုပြီး ကျန်ခဲ့တာတွေ အများကြီးပဲ” ဟု ပြောသည်။

တောတောင်များထဲတွင် လူဦးရေ သုံးရာနီးပါးခန့် ကျန်နေခဲ့သည်ဟု ပြောသည်။

တောထဲတွင် နာမကျန်းမှုများဖြင့် ကြုံခဲ့ရသည်ဟု “ဖျားတာတို့ ဝမ်းလျှော့တာတွေ ဖြစ်ခဲ့တယ်၊ တောမှာလည်း မကျန်းမာလို့ ၂ နှစ်အရွယ်တစ် ယောက်ကတော့ ဆုံးသွားတာတော့ရှိတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆိုရင် တောထဲမှာ ကလေးမွေး တယ်။ အရမ်းခက်ခဲတယ်” ဦးအောင်လတ်က ဆက်ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည့်အတွက် အောင်လော့ဒ်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများက ဒေသခံများသည် တောထဲတွင် ပိတ်မိနေသည်မှာ ၂ လနီးပါးခန့် ရှိနေသည်ဟု သိရသည်။

သို့သော် မေလအစောပိုင်းက တောထဲတွင် ပိတ်မိနေသူများထဲက အချို့ကို အစိုးရ၊ ဌာနဆိုင်ရာ နှင့် ဘာသာ ရေး အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များက သွားရောက် ကယ်ထုတ်ခဲ့သေးသည်။

တောတောင်များထဲတွင် ပိတ်မိနေသည့် အောင်လော့ဒ်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများက ဒေသခံများထဲမှ အချို့မှာ မြစ်ကြီးနားမြို့ရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျှက်ရှိပြီး အချို့မှာ တနိုင်းမြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျှက်ရှိသည်။