ယခုနှစ်အတွင်း အများဆုံးပမာဏ စိတ်ကြွဆေးပြားများ ထိုင်းဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်း အများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ဇွန်လ ၂ ရက်နေ့က မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁၅ သန်းကို ထိုင်း မူးယစ် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ထိုင်းမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ တရားခံ ၂  ဦးနှင့် အတူ ၆ ဘီးကားပေါ်မှ ကျောပိုးအိတ် ၇၄ အိတ်ထဲရှိ အထုတ်ပေါင်း ၇၈၄၃ ထုတ် ထဲမှ ယာဘ စိတ်ကြွဆေးပြား ၁၅ သန်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဇွန်လ ၃ ရက်နေ့ ညနေ ချင်းမိုင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းရဲဗိုလ်ချူပ်ကြီး တစ်ဦးမှ  ဒီပစ္စည်းတွေဟာ ဘန်ကောက်မြို့အနီးရှိ နေရာတစ်နေရာကို ပို့ဆောင်ရန် သယ်ယူလာခြင်းဖြစ်တယ်၊ဟု သတင်း ထောက်များအား ရှင်းလင်း ပြောဆိုသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် နေရာသည် ချင်းရိုင်းခရိုင် ဖန်မြို့နယ် မယ့်ရင်းကျေးရွာ အုပ်စု ထဲမှ ပူးကိန်စစ်ဆေးရေးဂိတ်စခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားခံများနှင့်အတူ တယ်လီဖုန်း ၅ လုံး၊  မူးယစ်ဆေး တင်ဆောင်လာသည့် ခြောက်ဘီး ကားတစ်စီး ၊ ဖော်ကျူးနား အမျိုးအစား TOYOTA ကားတစ်စီး တို့ကိုလည်း သိမ်းဆည်းရမိကြောင်း ရဲအရာရှိမှ ပြောသည်။

002

မူးယစ်ဆေးဝါးများသည် နယ်စပ်ဒေသရှိ ၀ အဖွဲ့ကနေ ယူဆောင်လာခြင်းဖြစ်သည်ဟု ပြောဆိုမှုနှင့် ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်း က ဒါဟာ အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်သာဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။

တကယ်တမ်းက ဖမ်းမိတယ်ဆိုတာ ကျနော်တို့ ၀ အဖွဲ့အစည်းက ပြောရလောက်အောင် ဘယ်မှာ သက်သေ အထောက်အထား ရှိသလဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့လိုမျိုး ကျနော်တို့က မေးစရာ မေးခွန်းတွေ က ရှိလာနေတယ်နော်၊ ကျနော်တို့ ဒါတွေကို ငြင်းနေတာ မဟုတ်ပါဘူး၊ တကယ်လို့ သက်သေ အထောက်အထား ခိုင်လုံတယ်ဆိုရင် ကျနော်တို့က ဖမ်းမယ်။ ကျနော်တို့က ဘယ်သူ့ကိုမှ အခွင့်အာဏာသုံးလုပ်ပိုင်ခွင့် အဲ့လိုမျိုး ချမှတ်ထားတာ လည်း မရှိဘူး၊ စွတ်စွဲချက် တွေကတော့ အားလုံးကတော့ အခြေအမြစ် မရှိပါဘူးလို့ ကျနော် အဲ့လို လိုရင်းတိုရှင်းပဲ ကျနော်ပြောကြားလိုတယ်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၀ ပြည်နယ်အတွင်း၌ အပြစ်ပေး အရေးယူမှုများရှိနေပြီး သေဒဏ် အထိ ပြစ်ဒဏ်သတ်မှတ်ထားသည့်အပြင် မူးယစ်ဆေးများသည် ရွှေတြိဂံနယ်မြေအတွင်းမှာ ပြန့်နှံ့မှု များ ရှိနေကြောင်းလည်း ထောက်ပြ ပြောဆိုသည်။

တဆက်တည်းမှာပဲ ယခုကဲ့သို တစ်ဖွဲ့နှင့် တစ်ဖွဲ့ စွပ်စွဲနေမည့်အစား ဒီကိစ္စကို ဘယ်လိုပူးပေါင်း ဆောင်ရွက်ရင် ကောင်းမလဲ၊ ရှေ့ဆက် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုသည့် အပြုသဘော ဆွေးနွေးအဖြေရှာသင့်ကြောင်းလည်း ဦးညီရန်း မှ ပြောသည်။

သူတို့က ဖမ်းမိတိုင်း ဖမ်းမိတိုင်း ချက်ချင်းဆိုသလိုမျိုး ၀ ဖက်က ယူဆတယ်။ ၀ အဖွဲ့ကနေပြီးမှ ထုတ်တယ်လို့ ယူဆတယ်၊ ခန့်မှန်းရတယ်ဆိုတဲ့ အသုံးအနှုန်းတွေပဲ သုံးလာခဲ့တာဖြစ်တယ်။ မူးယစ်ဆေးဝါး အထူးသဖြင့် ဒီ စိတ်ကြွဆေးမျိုး ထုတ်လုပ်မှုက ကုန်ကြမ်းက ဘယ်လောက်မှ မလိုဘူး၊ ပြီးရင်း ထုတ်လုပ်နေတဲ့ နေရာက အိမ်တွင်းဖြစ်လုပ်ငန်းလိုပုံစံမျိုး လုပ်ယူလို့ရတယ်ဆိုတာ ကျနော်တို့ နားလည်သလောက် အဲ့လိုမျိုးဖြစ်တယ်၊ ကျနော်တို့ ၀ ပြည်မှာလည်း ၁၀၀ ရာခိုင်နှုန်း မတားနိုင်ဘူး၊ ကျနော်တို့ နယ်မြေကို ဖြတ်သွား ဖြတ်လာတာတွေလည်း ရှိတယ်၊ ထိုင်းမှာလည်း ထုတ်လုပ်တဲ့စက်တွေ ဖမ်းမိသလို၊ တရုတ်မှာလည်း ဖမ်းမိတာပဲ၊ မြန်မာပြည်မှာလည်း ဖမ်းမိနေတာပဲ၊ ဒါကတော့ ဒေသတစ်ခုလုံးရဲ့ ကိစ္စရပ်ပဲ ဖြစ်နေတယ်၊

003

စိတ်ကြွဆေးပြား ၁၅ သန်း ဖမ်းဆီးရမိမှု ဆက်စပ်သတင်းများအရ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ချင်းရိုင်းခရိုင် မယ့်ကျန်မြို့ နယ်အတွင်းရှိ ကျွမ်စဝမ်ကျေးရွာအုပ်စုထဲက နေအိမ်တစ်လုံးကို ဆက်လက်ရှာဖွေခဲ့ပြီး ၎င်းနေအိမ်မှာ ကားသုံးစီး ၊ မော်တော်ဆိုင်ကယ် နှစ်စီး နှင့် ပစ္စည်းတချို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့ကလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသကတဆင့် ထိုင်းနိုင်ငံတွင်းသို့ သယ်ယူလာသည့် ယာအိုက်စ် ခေါ် စိတ်ကြွဆေး အဖြူမှုန့် ကီလို ၈၆၀ ကို ထိုင်းနိုင်ငံမြောက်ပိုင်း ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သေးသည်။