အလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမားများနစ်နာကြေးအတွက် ဥပဒေနှင့်အညီ အမှုဖွင့်သွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၄ ရက်နေ့၊ ၂၀၀၁၈ ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်အနီး စက်ရုံမှ အလုပ်ရပ်နားခံရသော မြန်မာအလုပ်သမား ၇၀၀ ကျော်အအတွက် နစ်နာကြေးရရန် ဥပဒေနှင့် အညီ အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိက ပြောသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာ ၈၀ ကွာဝေးသည့် ချချင်းဆောင်းခရိုင် ပင်(န်)ယောင်မြို့၌ရှိသော ကွန်ပျူတာ သန့်စင်စက်ရုံမှ အလုပ်သမားများ အလုပ်ရပ်နားခံရခြင်းဖြစ်ကြောင်း အလုပ်သမားများအား လိုက်ပါကူညီဆောင်ရွက်ပေးနေသော မြန်မာသံရုံး မှ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က ပြောသည်။

ဒီနေ့ကို ကျနော်တို့က အမှုဖွင့်ရမှာပေါ့၊ အမှုဖွင့်တယ်ဆိုတာကတော့ သက်ဆိုင်ရာ ဆာဝါဒီကန်( အလုပ်သမား ဖူလုံရေးဌာန) ကစစ်လို့ရအောင်ပေါ့ အမှုဖွင့်ပေးရမှာပေါ့နော်၊ အမှုဖွင့်ရမယ်၊ ဒီနေ့ အမှုဖွင့်ဖို့ ကျနော်တို့ စီစဉ်ထားတယ်၊ သက်ဆိုင်ရာ ( ဆာဝါဒီကန် ) ကလည်း ဒီ လေဘာရီလေးရှင်းဒီပါ့မန့် ပေါ့ အဲ့မှာ ဒီနေ့စပြီးတော့ ကာယကံရှင်တွေ ကိုယ်နိုက်က ဖောင်ဖြည့်ပြီးတော့ နာမည် ရေးထိုးပြီးတော့ အမှုဖွင့်တဲ့အလုပ်ကို ဆက်လုပ်ကြ ရမှာပေါ့လေ နော့်။”

 မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ကွန်ပျူတာသန့်စင်စက်ရုံသည် ပြီးခဲ့သည့် မေလ ၂၁ ရက် နေ့က ထိုင်းနိုင်ငံ ကျန်းမာရေးဌာနမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ကျန်းမာရေးလုံခြုံမှု ပျက်ကွက်ခြင်း ရှိသည်ကို တွေ့ရှိခဲ့ခြင်းကြောင့် စက်ရုံဆက်လက်မလည်ပတ်ရန် ထိုင်းအစိုးရမှ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “အကုန်လုံးကတော့ သူ့ ပရိုစီဂျာ အတိုင်းပဲ အဲ့လိုပဲ သွားရတာပေါ့။ ဒီနေ့ အမှုဖွင့်တော့မှ သူတို့ရဲ့ ရမည့်ဟာတွေ အကုန်လုံး ကို ဒီ၂ ပတ်လောက် အတောအတွင်း၊ ၂ ပတ်အတွင်းမှာ သူက သက်ဆိုင်ရာ လေဘာရီလေးရှင်းဒီပါ့မန့် က သူက ဝင်ပြီးတော့ သူတို့ရဲ့ ရသင့်ရထိုက်တာ ဘယ်လောက် ရရမှာလဲ၊ ဘာလဲပေါ့ အဲ့ဒါ တွက်ရမှာပေါ့လေ။ ကျနော်တို့ကတော့ အလုပ်မရတော့တဲ့နေ့ကို အဲ့နေ့ကိုတည်ပြီးတော့ ကျနော်တို့က တွက်ရမှာပေါ့လေ။ အဲ့ဒါတွေကို မမှားအောင်တော့ ကျနော်တို့က အတည်ပြုချက် ယူခဲ့တာပေါ့လေ။” ဟု ဦးစန်းမောင်ဦးက ဆက်ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် မေလ ၂၂ ရက်နေ့မှစ၍ အလုပ်ဆင်းခွင့်မရရှိတော့သည့် အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှ MOU စနစ်ဖြင့် ထိုစက်ရုံသို့ ၂ လနီးပါး လာရောက်အလုပ်လုပ်ကိုင်နေသော ကိုဇော်မင်းထိုက် မှ ယခုကဲ့သို့ ပြောသည်။

ဘယ်လိုဖြစ်လို့ အလုပ်ထုတ်ခံရလဲ ဆိုတော့ ကျနော်တို့ကို ခေါ်လာတာက ထိုင်းသူဌေးက ခေါ်လာတယ်၊ ပြီးတော့ တရုတ်ရုံတွေမှာ အလုပ်ပြန်သွင်းတယ်ပေါ့၊ တရုတ်ရုံတွေမှာ အလုပ်သွင်းပြီးတော့ အဲ့ဒီ တရုတ်ရုံတွေက သူတို့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ပစ္စည်းမဟုတ်ပဲနဲ့ တခြား ရောဂါရစေနိုင်တဲ့ ပစ္စည်းတွေပါတော့ ထိုင်းက ပိတ်လိုက်တယ်။ အဲ့ဒါကြောင့်မိုလို့ တရုတ်အလုပ်တွေက လုပ်မရတော့တဲ့အတွက် ကျနော်တို့ အလုပ် ဆက်ဆင်းလို့ မရတော့ဘူးပေါ့။

ကွန်ပြူတာသန့်စင်စက်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သည့် ကာလအတွင်းမှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံမှ ပြဌာန်းထားသည့် အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိခဲ့ဟု ပြောသည်။

တရက်လုပ်အားခတော့ ၃၂၅ ဘတ်ရတယ်။ ၃၂၅ မှာ နောက်တချက်မှာ ကျနော်တို့ဖက်မှာ ခံစားခွင့်က ထိုင်းနိုင်ငံ တရားဝင် ဥပဒေနဲ့ ထုတ်ပြန်ထားတဲ့ ဒီ May Day တို့လို Fatherday တို့လို နေ့မျိုးတွေကို ဘာခံစားခွင့်မှ မရှိဘူး၊ တနင်္ဂနွေနေ့လည်း နှစ်ဆ မရှိဘူး၊ ဆင်းလည်းမဆင်းရဘူး ဆင်းခဲ့လို့ရှိရင်လည်း တစ်ဆ ပဲပေးမယ် အဲ့လိုမျိုးတွေတော့ ရှိတယ်။ ခံစားခွင့်ကတော့ ဘာမှ မရှိဘူး။ ဟု ကိုဇော်မင်းထိုက် မှ ဆက်ပြောသည်။

ပဲခူးတိုင်း မင်းလှမြို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသော ကိုစိုးမင်း မှ နစ်နာကြေးများ အပြည့်အ၀ ပြန်လည်ရရှိရန် အတွက် သက်ဆိုင်ရာ အေဂျင့်များမှ တဆင့် တိုင်ကြားနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟုလည်း ပြောဆိုသည်။

လောလောဆယ်တော့ ဒီမှာ အောက်မှာ အေဂျင့်တွေ ရောက်နေတယ်။ တိုင်စာတွေ ဘာတွေ ရေးထားပြီလေ၊ တိုင်စာတွေဘာတွေ ရေးပြီးတော့ တိုင်မယ်ပေါ့၊ တိုင်တဲ့လူကလည်းတိုင်ပေါ့၊ တိုင်တဲ့လူတွေကတော့ များပါတယ်။

လက်ရှိတွင် မြန်မာသံရုံးမှ သံအရာရှိများနှင့် ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ အပါအဝင်  မြန်မာပြည်ပ အလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချူပ် MOEAF ၊ မြန်မာ အလုပ်သမား စောင့်ရှောက်ရေး ကော်မတီ MPC မှ တာဝန်ရှိသူများ လာရောက်၍ ကူညီဖြေရှင်းမှုများ ဆောင်ရွက်နေပြီး အလုပ်သမားများ နစ်နာကြေးများ ပြန်လည်ရရှိရန် ဆောင်ရွက်နေသည်ဟု အလုပ်သမား ကိုဇော်မင်းထိုက် မှ ပြောသည်။

နစ်နာကြေးက သူဌေးဖက်က စပြောတာတော့ လုံးလုံးမှ ပေးဖို့ မရှိဘူးဗျ၊ ဒါပေမယ့် အခုကတော့ ၇၅ ရာခိုင်နှုန်းပေါ့နော် အလုပ်နားနေတဲ့ရက်မှာ သူပေးတယ် ၇၅ ရာခိုင်နှုန်းပေးမယ်၊ပြီးတော့ လုပ်အားလစာတွေကို ကျနော်တို့ တချို့လည်း လေးငါးဆယ်ရက် လုပ်ပြီးသားဟာတွေလည်းရှိတယ် အဲ့ဒါတွေလည်း တချို့တဝက် ထုတ်ပေးထားတာတွေလည်း ရှိတယ်၊သူဌေးကတော့ လောလောဆယ် ၇၅ ရာခိုင်နှုန်းက အပြည့်တော့မဟုတ်ဘူးဗျ ၂၂၀၀ တစ်ယောက်ကို ပေးနေတယ်။ အဲ့ဒါကို ယူတဲ့လူကြတော့လည်း တရားမစွဲနဲ့ပေါ့နော့်၊ မယူတဲ့လူ တရားစွဲပေါ့ အဲ့လိုမျိုးုတော့ လုပ်နေတယ်။

ယခု အလုပ်မှရပ်နားခံလိုက်ကြရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်သူ အများစုဖြစ်ကြပြီး လာရောက်အလုပ်လုပ်ကိုင်ကြသူများထဲတွင် ၄၅ ရက်ခန့်သာရှိသော ရွှေ့ပြောင်း အလုပ်သမားများ ပါရှိသလို လာရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ အေဂျင်စီ များထံတွင် မြန်မာကျပ်ငွေ ၉ သိန်းမှ ၁၂ သိန်းအထိ အကုန်အကျခံခဲ့ရသူများဖြစ်သည်ဟုလည်း သိရသည်။

လောလောဆယ် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် သံရုံးတာဝန်ရှိသူများ မှတဆင့် အလုပ်ရှာဖွေရေးဌာနနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ အလုပ် ၇ မျိုးထဲမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုက်နှစ်သက်ရာ အလုပ်များကိုရွေးချယ်၍ ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး မှ ပြောသည်။