လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အယူခံ အမိန့်မချသေး
သတင်းနှင့် မီဒီယာကွန်ရက်။
ဇွန်လ ၄ ရက်နေ့၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့၏ နောက်ဆုံး အယူခံတင်ထားမှုအပေါ် ထိုင်းအဆင့်မြင့်တရားရုံးမှ ယနေ့အချိန်အထိ အမိန့်မချမှတ်နိုင်သေးဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးသို့ ထိုင်းအစိုးရရှေ့နေဖက်မှ အယူခံ ခုခံလျှောက် လဲချက် တင်သွင်းခဲ့ပြီးနောက် အပြီးသတ်အမိန့်ချမှတ်ရန် ကျန်ရှိနေသော်လည်း ယနေ့အချိန်ထိ တစ်စုံတရာ အကြောင်းကြားလာခြင်းမရှိသေးဟု မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
“အခုထက်ထိတော့ အမိန့်မချသေးဘူး၊ အမိန့်ပဲ စောင့်နေတာ၊ သူတို့နိုင်ငံရဲ့ ဥပဒေအရ ဆိုရင်တော့ အမိန့်ချမည့်ရက်ကျရင် တော့ ဟိုဖက် ဒီဖက် အစိုးရရှေ့နေ ဒီဖက်ကရှေ့နေတွေကို အကြောင်းကြားပါတယ်၊ ပြီးတော့မှ လာသည် ဖြစ်စေ မလာသည်ဖြစ်စေ အဲ့ဒီ အမိန့်ကို တရားခံရဲ့ ရှေ့မှာပဲ ဖတ်ကြပါတယ် ဒါ ထိုင်းနိုင်ငံရဲ့ ဥပဒေ ပါ၊ အခုဟာ ဘာမှ အကြောင်းမကြားသေးလို့ အန်ကယ်တို့လည်း စောင့်နေတာပဲ၊ ထိုင်းရှေ့နေများကောင်စီ လည်း စောင့်နေကြတာပဲ အားလုံးက။ အမိန့်ကတော့ မချသေးဘူး။”
သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ အယူခံ တင်သွင်းမှုအပေါ် ထိုင်းအစိုးရ ရှေ့နေဖက်က ခုခံချေပ လျှောက်လဲချက်တင်ရန် ထိုင်းအဆင့်မြင့်တရားရုံးမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် နောက်ဆုံးထား တင်ရန် သတ်မှတ်ခဲ့သော်လည်း အဆင်သင့်မဖြစ်ခြင်း၊ ထိုင်းရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေခြင်း စသည့် အကြောင်းပြချက်များဖြင့် ၆ လကြာ ရက်တိုးတောင်းယူခဲ့သည်။
ထို့နောက် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းအစိုးရ ရှေ့နေဖက်မှ အယူခံ ခုခံချေပသည့် လျှောက်လဲချက် တင်ခဲ့ပြီး ထိုင်းအဆင့်မြင့်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးခံခဲ့ရသော မြန်မာနှစ်ဦးသည် စာမျက်နှာ ၃၁၉ မျက်နှာပါရှိသည့် အချက်အလက်များ စုစည်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကော့စမွေ တရားရုံးမှတဆင့် အဆင့်မြင့် ထိုင်းအယူခံတရားရုံးတွင် နောက်ဆုံးအယူခံ တင်ခဲ့သည်။
အမှန်အတိုင်းဆိုရင်တော့ ၃ လ နဲ့ ၆ လအတွင်းမှာ သိတာပါပဲ၊ အခုကတော့ အရေးကြီးတဲ့ အမှုဆိုတော့ ၃ လ ကျော်ကျော် ပတ်ဝန်းကျင်တော့ ကြာနေအုံးမှာ၊ အန်ကယ်ထင်တာတော့ အခု ၆ လပိုင်း မဟုတ်လား။ ဒီလပိုင်းအ တွင်းမှာ ဖြစ်နိုင်သလားလို့ပဲ ထင်တယ်။ဟု အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။
ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ် မေလာ နှင့် ဟန်နာ ဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီး ထိုင်းရှေ့နေများ ပူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့သည် လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားသည်။