ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ပြည်ပတွင် ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့် မရသေးသည့်အတွက် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ရခိုင်အမျိုးသားကောင်စီ ANC က ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ်တွင် ဇွန် လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လုပ်တာက အခုလက်ရှိ တိုင်းပြည်တည်ဆောက်ရေး ဖြစ်စဉ်မှာ ရှိနေတဲ့ ပါဝင်နေတဲ့ ကဏ္ဍ အသီးသီးက အစုအဖွဲ့တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်တာ ဖြစ်ပါတယ်။ အဓိကကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေခံပြီးတော့မှ နိုင်ငံရေး ဆွေးနွေးမှုတွေ ပေါ်ပေါက်လာရင် ရခိုင်အမျိုးသားထု တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ မူဝါဒတွေ ဘုံရပ်တည်ချက် သဘောထားတွေ ရရှိဖို့အတွက် ဖြစ်ပါတယ်။ ပြီးရင်လက်ရှိ ကျွန်တော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တိုင်းပြည်ပြန်လည် တည်ဆောက်ရေးဖြစ်စဉ်အတွက် လိုအပ်တဲ့ မူဝါဒရေးရာတွေကို ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ဖို့အတွက်ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားကောင်စီ ANC မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် က ပြောသည်။

၎င်း မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲမှ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍ ၆ ခု မှ ကဏ္ဍ အလိုက် အလုပ်အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ရခိုင်အမျိုးသားများ အားလုံးကို ကိုယ်စားပြုမည့် ဘုံရပ်တည်ချက် မူဝါဒ သဘောထားများကို မူကြမ်းအဖြစ် ဆွေးနွေးညှိနှိုင်းကာ ဖော်ထုတ်နိုင်ခဲ့သည်ဟု ဦးထွန်းဇော် က ဆက်ပြောသည်။

“အထူးသဖြင့်တော့ ကျွန်တော်တို့က နိုင်ငံရေးပါတီတွေ civil society ပေါင်းစပ်ပြီးမှဖွဲ့တာ ဖြစ်ပါတယ်။ အလုပ်အဖွဲ့ တစ်ခုမှာ ဆိုလို့ရှိရင် အနည်းဆုံး ၁၀ ဦး ဝန်းကျင်လောက်စီ ရှိကြပါတယ်။ တချို့အလုပ်အဖွဲ့တွေကလည်း သူ့ကဏ္ဍကြီးရင် ကြီးသလိုအပေါ်မှာ လူဦးရေအားဖြင့်တော့ ၁၀ ကျော်တွေပါတယ်ပေါ့လေ။ ဒီလိုမျိုးတော့ စုဖွဲ့နိုင်ခဲ့ပါတယ်။ ဒီအလုပ်အဖွဲ့တွေကို ပြန်ပြီး စုစည်းပြီးမှ မူကြမ်းတွေကို ကျွန်တော်တို့က ဆက်ပြီးတော့မှ မူချောဖြစ်အောင် အဆင့်ဆင့် ကျွန်တော်တို့ လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးမည့် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး၊ သဘာ၀ သယံဇာတ၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင် အစရှိသည့် ကဏ္ဍ ၆ ခုမှ ကဏ္ဍအလိုက်အား ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အတွက် ၂၁ ရာ စု ပင်လုံ ညီလာခံအပေါ် အခြေခံပြီး သွားနေသည့် အဖွဲ့အစည်းများအတွက်လည်း အထောက် အကူပြုသည့် နှီးနှောဖလှယ်ပွဲဖြစ်သည် ဟု ပွဲစီစဉ်သူများက ပြောသည်။

ဤနှီးနှောဖလှယ်ပွဲသို့ ရခိုင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ ALP/ALA နှင့် ရခိုင်အမျိုးသားကောင်စီ ANC/AA တို့ တက်ရောက်ခဲ့ကြသကဲ့သို့ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်သည့် ANP၊ APP၊ KNDP၊ DNDP၊ MNDP၊ MNP ပါတီတို့ အပြင် ဥပဒေအထောက်အကူပြုအဖွဲ့၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ လူငယ်၊ အမျိုးသမီး၊ လယ်သမား၊ အလုပ်သမား၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် လူထုအခြေပြု အသင်းအဖွဲ့များမှ ကိုယ်စားလှယ် (၈၁) ဦးနှင့် လေ့လာသူ (၇) ဦး တက်ရောက်ခဲ့ကြသည် ဟု သိရသည်။

ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲသို့ ရခိုင်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းဖြစ် သည့် ရက္ခိုင့်တပ်မတော် ULA/AA နှင့် ရခိုင်နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်လာနိုင်ခြင်း မရှိပေ။

“ဒီမတက်ရောက်နိုင်တဲ့ အဖွဲ့အစည်းတွေကိုလည်းပဲ ကျွန်တော်တို့ ရှေ့မှာ ဒီမူဝါဒရေးရာ ညှိနှိုင်းပြီးတော့မှ ဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်ပေါ့။ အဲဒီဆက်လက် အကောင်အထည်ဖော်မယ့် ဖြစ်စဉ်တွေထဲမှာ သူတို့ ပါဝင်လာဖို့ အတွက်ပေါ့နော် ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်။ သူတို့ မတက်ရောက်နိုင်သည့်တိုင်အောင် သူတို့ အဆင်ပြေတဲ့ အချိန်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လမ်းဖွင့်ထားတယ်။ အဲဒီ အတွက် ကျွန်တော်တို့ ရလာဒ်တွေကိုလည်း ကျွန်တော်တို့ သူတို့ဆီကို ပေးပို့မယ် ကျွန်တော်တို့ ညှိနှိုင်းပြီး တော့မှပေါ့နော ကျွန်တော်တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ နည်းလမ်းတွေ ရှာဖွေ ဖော်ထုတ်သွားဖို့ ရှိပါတယ်” ဟု ဦးထွန်းဇော် က ပြောသည်။

ယခုကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲမှ ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အလုပ်အဖွဲ့များ၏ အလုပ်ပြီးမြောက်မှု အပေါ်မူတည်ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲများကို ဆက်လက် လုပ်ဆောင်သွားရန်ရှိသည်ဟု ဦးထွန်းဇော် က ပြောသည်။