ရေနစ်မြုပ်ဒုက္ခသည် စခန်း အကူအညီများ လိုအပ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇွန်လ ၁၉  ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ရေနစ်မြုပ်ခဲ့သည့် ထိုင်းနယ်စပ် မယ်လ ကရင် ဒုက္ခသည် စခန်းအတွက် အရေးပေါ် အကူအညီများလိုအပ်လျက်ရှိသည်ဟု ဒုက္ခသည် တာဝန်ခံတစ်ဦးက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ရေနှစ်မြုပ်ခဲ့ရာမှ ယခုအခါ မူလနေရာတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

မယ်လ ဒုက္ခသည်စခန်းတွင် ဇွန်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ရေပြန်ကျသွားခဲ့သော်လည်း ပျက်စီးဆုံးရှုံးသွားခဲ့သည် ဒုက္ခသည်များအတွက် အကူအညီများလိုအပ်နေသည်ဟု မယ်လဒုက္ခသည်စခန်းမှ ဇုံ C တာဝန်ခံ စောခုထူး မှ ပြောသည်။

 အစားအသောက်တွေ တချို့ဆုံးရှုံးတာရှိတယ်၊ ဒန်အိုးဒန်ခွက်တွေ ဆုံးရှုံးတာရှိတယ်၊ အဝတ်အစား တွေပါရှိ တယ်။ အိမ်တွေပါ တချို့ပျက်စီးတာ ရှိတယ် ဟုတ်ကဲ့။ အခု အိမ်တွေက ကိုယ့်ဟာကို ပြန်ဖာထေးပြီးတော့ ပြန်ဆောက်ကြတာပေါ့ ဒါပေမယ့် သစ်တွေဝါးတွေတော့ နည်းနည်းလိုမယ်ထင်တယ်၊ သစ်တွေ ဖက်တွေ ဝါးတွေ ဖက်တွေ ကြမ်းပြင်တွေ နည်းနည်းလိုမယ်ထင်တယ်နော်။

နေ့ခင်းပိုင်းရေကြီးခဲ့၍ လူအသေအပျောက် မရှိခဲ့ခြင်းဖြစ်သည်ဟု စောခုထူးက ပြောသည်။

ပစ္စည်းဥစ္စာတွေပဲ ပျက်စီးတာများတယ် ဒါပေမယ့် ကောင်းသွားတာက နေ့ခင်းဖက်မိုလို့ ညဖက်ဆိုရင်တော့ လူတွေသေတာဖြစ်ချင်ဖြစ်မယ်။ သူက ရေကြီးတာ တော်တော်မြန်လာတယ် သိလား၊ နေ့ခင်းဖက်ဆိုတော့ တွေ့တဲ့လူများတော့ ပစ္စည်းတွေဘာတွေသယ်ကြတယ်၊ တချို့ကတော့ သယ်လို့ မအားဘူး ဖြစ်သွား တယ်နော်၊ ပစ္စည်း ပစ္စယ တွေ နောက် အိမ်တွေဘာတွေ တချို့ ပျက်စီးတယ်၊ လူတော့ ထိခိုက်မှု မရှိဘူးနော်၊

ယနေ့နံနက်ပိုင်းတွင် ဒုက္ခသည်စခန်းများကို ကူညီထောက်ပံ့မှုများပေးနေသည့် နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ TBC မှ ရေဘေးဒုက္ခသည်များကို ဆန်၊ ဆီ နှင့် မီးသွေး များကို တစ်ပတ်စာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည်ဟု စောခုထူး မှ ဆက်ပြောသည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဌ စောအောနက် က အိမ်ထောင်စုကတော့ အားလုံး ၁၀၁ လုံး၊ ဘော်ဒါဆောင် ကတစ်လုံး၊ အဲ့ဒါ ရေလျှံတယ် အဲ့ဒါ။ ခုတော့ ပျက်စီးတာတော့ နည်းနည်းပါးပါး ရှိတယ်၊ အလုံး ၂၀ လောက်ပဲ ရှိမယ်ထင်တယ်၊ အခုကတော့ လောလောဆယ် အစားအသောက်နဲ့ ပတ်သက်ပြီးတော့မှ TBC ကတော့ တာဝန်ယူပြီးတော့မှ အဲ့မှာ ဝေလိုက်ပြီလေ အခု။ ဒီနေ့ ဆန်ဝေလိုက်ပြီး၊ ဆန်တို့ဘာတို့ ပျက်စီးသွားတဲ့ ဟာတွေ၊ အဆောက်အုံးနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ လိုက်ကြည့်မှာပေါ့၊ ဘယ်က အရေးကြီး ပြန်ဆောက်ဖို့ ပစ္စည်းတွေ လိုသလဲဆိုတာ ကျနော်တို့ သွားကြည့်လိုက်မယ်။ ဟု TBC အဖွဲ့မှ ရိက္ခာ နှင့် အဆောက်အဦးများ ကူညီရန် စီစဉ်နေကြောင်း ပြောဆိုသည်။

ဒုက္ခသည်စခန်းအတွင်း ရေကြီးမှု ဖြစ်ပေါ်ခဲ့ချိန်တွင် နေအိမ် ၁၀၁ လုံးမှ ဒုက္ခသည်များသည် နီးစပ်ရာ ဆွေးမျိုးများ၏နေအိမ်တွင် နေထိုင်ခဲ့ကြပြီး ဇွန်လ ၁၈ ရက်နေ့တွင် မူလနေရာများတွင် ပြန်လည်နေထိုင် နိုင်ရန် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ပြန်လည်နေထိုင်နိုင်သူများ ရှိခဲ့သော်လည်း အိမ်ခြေ ၂၀ ခန့်မှာ ပြန်လည်ပြုပြင်ရန် လိုအပ်နေသေးကြောင်း စခန်း ဥက္ကဌ စောအောနက် မှ ပြောဆိုသည်။

တောင်ကျရေပဲလေ၊ တညလုံးမိုးရွာ ပြီးတော့ တမနက် နေ့လည်အထိမှ မိုးကတော့ တိတ်ပြီးတော့မှ လျှံထွက်သွားတယ်ပေါ့ တောင်ကျရေကျတော့ အဲ့မှာ အဲ့ဒီ ချောင်းကတော့ စီးသွားတဲ့ အဲ့မှာ ကျနော်တို့ ရပ်ကွက် C 1 A ဖက်မှာ ဂူ တစ်ဂူရှိတယ်လေ အဲ့မှာ ချောင်းက ဒီမှာဖြတ်သွားတော့ အဲ့မှာ အဲ့ရေပိတ်တာပေါ့ အဲ့မှာ၊ အမှိုက်သစ်ရွက်ပိတ်ပြီးတော့ သစ်တွေဘာတွေ မျှောပြီးတော့ အဲ့မှာ ပိတ်မိတယ်၊ ပိတ်မိတော့ ရေက လျှံထွက်သွားတယ်ပေါ့။

မယ်လ ဒုက္ခသည် စခန်းတွင် ယခုကဲ့သို့ ရေကြီးမှုမျိုး ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ဦးရေ စုစုပေါင်း တစ်သိန်းခွဲ ခန့်ရှိပြီး မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ သုံးသောင်းခုနှစ်ထောင် ခန့်ရှိသည်ဟု သိရသည်။