ရှမ်းစစ်ဘေးရှောင် တစ်ထောင်နီးပါး ရှိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။
နေပြည်တော်တွင် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေစဉ်အတွင်း ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ဦးရေ တစ်ထောင်နီးပါး ရှိသွားပြီဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ အကြား တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံ တစ်ထောင်ခန့် စစ်ဘေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။
“ဒီနေ့ရရှိတဲ့ စာရင်းအရ ဆိုရင်တော့ လူအားလုံးပေါင်းဆိုရင် တစ်ထောင်နီးပါးရှိသွားပြီ။ အခုကတော့ ဘေးကင်းနိုင်မယ့် နေရာပေါ့ ဟမ်းငိုင်းရွာက ဘုန်းကြီးကျောင်းမှာ ခေါ်လာနေတာပေါ့နော်။ သူတို့အဓိကလိုအပ်နေတာက ဆန်ပေါ့၊ အစားအသောက်က အဓိကလိုအပ်တယ်” ဟု ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိဏ်း က ပြောသည်။
ဇူလိုင်လ (၉) ရက်နေ့မှ စတင်ပြီး မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုနှင့် ဟိုခဲကျေးရွာအုပ်စုအနီး တဝှိုက်တွင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ယခုကဲ့သို့ စစ်ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ပြောသည်။
အလားတူ မိုင်းကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်မှ စစ်အင်အားတိုးချဲ့နေမှုများရှိသည် ဟု စိုင်းစံမိဏ်းက ပြောသည်။
တိုက်ပွဲများကြောင့် ဒေသအတွင်းရှိ အခြေခံမူလတန်း ကျောင်းလေးကျောင်းပိတ်ထားရသည်ဟု စိုင်းစံမိဏ်းက “ဟမ်းငိုင်းမှာဆိုရင်လည်း အစိုးရတပ်တွေအများကြီးပဲ လမ်းမှာ အပြည့်ပဲ။ RCSS တပ်တွေတော့ မရှိ ဘူး။ အခု ကျောင်းတွေလည်း ပိတ်ထားရတယ်။ စာသင်ကျောင်းက လေးကျောင်းပိတ်ထားရတယ်၊ အမက ကျောင်းပေါ့၊ ဟိုဖိုင်ကျောင်း၊ နောင်တောင်းကျောင်း၊ နမ့်အွတ်ကျောင်း၊ သုံးရောင်ကျောင်း အဲ့ကျောင်း တွေ ပိတ်ထားတယ်။ ကျောင်းသား ၂၃၀ ဦးပေါ့နော်။ အဲ့ကလေးတွေ ကျောင်မးတက်ရဘူးလေ။ ဆရာ/ဆရာမ တွေလည်း မနေရဲဘူး။ တိုက်ပွဲရယ်လို့တော့ ရွာမှာဖြစ်နေတာမဟုတ်ဘူး။ လက်နက်ကြီးသံတွေ၊ ဗုံးသံတွေ ကြားနေရတော့ ကြောက်နေကြတယ်” ဟု ဆက်ပြောသည်။
ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လွယ်စပ်ရွာမ ဘုန်းတော်ကြီးကျောင်းရယ်၊ ကုံးတုံဘုန်းကြီးကျောင်း၊ နောင်တောင်း ဘုန်းကြီးကျောင်း၊ နားလည်ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်တစ်ထောင်နီးပါးခန့်အား နေရာချထားပေးသည်ဟု ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ RCSS/SSA ၏ တပ်စခန်းတစ်ခုကို အစိုးရတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးစိုင်းဦးက ဇူလိုင်လ ၉ ရက်နေ့က ပြောသည်။
“ဒီတိုက်ပွဲတွေ မဖြစ်အောင် ကျွန်တော်တို့ဖက်က ထိန်းတယ်ပေါ့နော်။ တစ်ဖက်ကလည်း နယ်မြေစိုးမိုးရေး နယ်မြေလှုပ်ရှားရေး ဆိုပြီးတော့ သူတို့က လာပြီးတော့ နယ်မြေတွေမှာ နေရာအနှံတွေမှာ တပ်မတော်စစ်ကြောင်းတွေ ပိုက်စစ်တိုက်ရှာဖွေနေလို့ မလွှဲမရှောင်သာ ဖြစ်လာရတာပေါ့နော်” ဟု RCSS က ပြောသည်။
လက်ရှိအခြေအနေများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးပေ။
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA သည် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် (၇) ဖွဲ့ နှင့်အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးထားခဲ့ပြီး လက်ရှိကျင်းပနေသော ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လျက် ရှိသည်။