ရေကြီးမှု လူထောင်ချီ၍ ရွှေ့ပြောင်းရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့နယ်အချို့ တို့တွင် ရေကြီးရေလျှံလျက်ရှိပြီး ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောသည်။

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့ နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့မှစပြီး အဆက်မပြတ် သည်းထန် စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာကာ မြို့ပါ်ရှိ့ကေန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်၊ ဆရာရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်နှင့် မဲလံကျေးရွာအုပ်စု ရန်ပြေကျေးရွာနှင့် မဲလံဂေါင်းကျေးရွာတို့တွင် ရေများစီးဝင်သည့်အတွက် ညနေပိုင်းခန့်တွင် ဒေသခံများ စတင်ပြောင်းရွှေ့ကြရပြီး ဇူလိုင် ၂၄ ရက်နေ့တွင် လူဦးရေ ၁၀၄၃ ဦးထိ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရသည်ဟု ပြောသည်။

“လောလောဆယ် ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်ထားတယ်၊ ဒီနေ့ထိ လူဦးရေက ၁၀၄၃ ဦး၊ ဒီညနေထိတော့ မိုးကဖွဲဖွဲလေးရွာနေတယ်၊ ရေလည်းမကျသေးဘူး၊ ဒီနေ့ကတော့ လူဦးရေတိုးလာတယ်၊ အဓိက မိုးများပြီးတော့ မြစ်ရေလျှံတက်လာလို့ပါ ပုံမှန်မိုးဆိုရင် မဖြစ်ပါဘူး မိုးများလို့ဖြစ်တာ” ဟု သထုံခရိုင် ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစည်သူစိုးက ပြောသည်။

အလားတူ ရေးမြို့ပေါ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေသည့်မိုးကြောင့် ဇူလိုင်လ ၂၄ ရက်နေ့က မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ရန်ကြီးအောင်ရပ်ကွက် ရန်မျိုးအောင်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်ရှိ အိမ်ထောင် စု ၁၅၉ စုမှ လူဦးရေ ၆၅၇ ဦးတို့ကိုလည်း ရေဘေးလွတ်ရာ မြို့တွင်းရှိ အားကစားရုံတွင် ပြောင်းရွှေ့ထားရသည်ဟု ရေးမြို့ ဒေသခံ ဦးအောင်နိုင်ဝင်းက ပြောသည်။

ကရင်ပြည်နယ်တွင်လည်း မြဝတီ၊ လှိုင်းဘွဲ့ နှင့် ဖားအံမြို့နယ်တို့တွင် ယခုအပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး သံလွင်မြစ်ရေ သောင်ရင်းမြစ်ရေ မြင့်တက်လာကာ ရေကြီးရေလျှံမှု စံချိန်တင်ဖြစ်ပွားလျက်ရှိသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် မြဝတီ၊ ဖားအံနှင့် လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၀၀၀ ကျော်တို့မှ လူဦးရေ ၅၀၀၀ နီးပါးသည် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၉ ခုတို့တွင် ပြောင်းရွှေ့ခိုလှုံနေကြရသည်ဟု ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၄ ရက်နေ့ ၂ နာရီခွဲတိုင်းထွာချက်အရ ဘားအံမြို့တွင် ၃ ပေခန့် ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည့်အတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး နောက် ၂ ရက်အတွက် ခန့်မှန်းချက်၌ မိုးဆက်လက်ပိုနေမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ နယ် ၇ မြို့ နယ်တို့တွင် စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၇၀၀၀ ကျော် ရေဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရသည်။