ဖားကန့်မြေပြိုမှု လူလေးဆယ်ခန့်ပျောက်ဆုံး အစိုးရ အနေဖြင့် ကိုင်တွယ်ဖြေရှင်းမှုများ စံနစ်တကျ လုပ်ဆောင်သင့်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်တစ်ခုအတွင်း ကျောက်တောင်ကမ်းပါး နံရံပြိုကျခဲ့မှုကြောင့် ကျောက်တူးဖော်သူ အနည်းဆုံး လေးဆယ်ခန့် ပျောက်ဆုံးနေသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာနှင့် ဖားပြင်ကျေးရွာအနီးရှိ ဧရာရတနာလုပ်ကွက်အတွင်း ဇူလိုင်လ ၂၄ ရက်နေ့ (ယနေ့) တွင် ကျောက်တောင်ကမ်းပါးပြိုကျခဲ့ရာ လေးဆယ်ခန့် ပျောက်ဆုံးနေပြီး လူပျောက်တိုင်ကြား မှု ၂၈ ယောက်ရှိပြီဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးကောင်းစံက ပြောသည်။
“ဖားကန့် ဆိပ်မူပေါ့နော်၊ မမုံရွာနားမှာဖြစ်တာ။ ဒီနေ့မနက်ပိုင်းတုန်းက ဖြစ်တာ။ အပျောက်စာရင်းက ၂၈ ယောက် ရှိပြီ၊ အားလုံးတော့ ခန့်မှန်းခြေ လေးဆယ်လောက်ပါသွားတယ်လို့ ပြောကြတယ်။ ဒီနေ့ မနက် ၅ နာရီ ဝန်းကျင်လောက်က မြေပြိုတာ၊ လူအသေအပျောက်ရှိတယ်။ ဒီကုမ္ဗဏီက YTT.. ဧရာရတနာလုပ်ကွက်ပေါ့၊ မြန်မာတကောင်း၊ မမုံရွာနဲ့ ဖားပြင်ရွာအနောက်ဘက် နောက်ကျောဘက်ပေါ့ အဲ့မှာဖြစ်တာ” ဟု ပြောသည်။
အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားသည့်နေရာမှာ ကမ်းပါးမှာ မတ်စောက်လွန်းသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ သေဆုံးသူများ၏ ရုပ်အလောင်းမှာ ရှာဖွေးရေး လုပ်ငန်းများလုပ်ရန် အခက်အခဲရှိသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
ဖားကန့်ဒေသရှိ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရုပ်အလောင်းများပေါ်လာပါက ဆယ်ယူနိုင်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် မြေပြင်အခြေအနေများကိုလေ့လာနေပြီး အဆင့်သင့် စောင့်ဆိုင်းလျှက်ရှိသည်ဟု ပြောသည်။
ဖားကန့်ကျောက်စိမ်းလုပ်ကွက်များအတွင်း မကြာခဏဖြစ်ပွားနေသည့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေကြီးခြင်း၊ လူအမြောက်အများ ရာနှင့်ချီသော အသက်ဆုံးရှုံးနေရခြင်းများသည် ပွင့်လင်းရာသီတွင် ကုမ္မဏီကြီးများက အကြီးစားလုပ်ငန်းများ၊ စည်းမဲ့ကမ်းမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ အဆမတန် တူးဖော်ခြင်းအပြင် မိုင်းခွဲခြင်းတို့ကို ပြုလုပ်ခြင်းများကြောင့် နောက်ဆက်တွဲ ခံစားရသည့် ဆိုးကျိုးများ ဖြစ်သည်ဟု ဦးသောင်းဇံက သုံးသပ်ပြောဆိုသည်။
ဖားကန့်ဒေသခံများ၊ တပိုင်တနိုင် ကျောက်တူးဖော်သူများ၊ ရေမဆေးသမားများ ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရာယ်ဆိုးကျိုးများ ခံနေရခြင်းမှာ အစိုးရအနေဖြင့် စီမံခန့်ခွဲမှု၊ ကိုင်တွယ်မှု၊ ဖြေရှင်းမှု၊ ဥပဒေအရ အရေးယူမှုတွေ အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က ကိုစဂျီက ပြောသည်။
“ခနခန ဒီလိုဖြစ်တဲ့ဟာ လူအစုလိုက် အပြုံလိုက်သေတာ သမရိုးကျလို ကြည့်နေတယ်။ ဒီနိုင်ငံတော် အုပ်ချုပ် တဲ့အစိုးရဆီမှာ ကိုယ်တွယ်ပုံကိုင်တွယ်နည်း ဘာမှမရှိဘူးလို့ပဲ ပြောရမယ်။ ဒီအလောင်းဖော်ခွင့် မရှိတော့ဘူး အတွင်းမှာရှိတဲ့ဟာတွေ ဒါကိုဘယ်လိုဖော်မလဲဆိုတာ နည်းစနစ်လည်းမရှိဘူး။ နောက်ပြီး ဆက်လက်ပြီးတော့ ဒီလောက်ဆိုးရွားတဲ့ဟာ ဘယ်လိုတားဆီးမှုလုပ်မယ်ဆိုတဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းလည်း အစိုးရဆီမှာ ဘာမှမရှိဘူး။”
အစိုးရအနေဖြင့် ဖားကန့်ဒေသအတွင်း မကြာခနဖြစ်ပွားနေသည့် မြောက်များစွာသော လူများအသက်ဆုံးရှုံးနေရမှုများအတွက် အထူးကိစ္စရပ်အနေဖြင့် အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ကိုစဂျီက ပြောသည်။
အလားတူ လူပေါင်းမြောက်များစွာ အစုအလိုက်အပြုံလိုက်သေဆုံးနေမှုများကို ဟန့်တားနိုင်ရေး လုပ်ငန်းခွင်အတွင်း လုံခြုံမှုရှိမရှိ စစ်ဆေးခြင်း၊ စည်းမဲ့ကမ်းမဲ့ ကျောက်တူးဖော်နေမှုများအား ထိရောက်စွာ အရေးယူခြင်းတို့ ကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန်လိုအပ်နေသည်ဟု ကိုစဂျီက ဆက်ပြောသည်။
“တိုင်းပြည်အတွက် ပြည်သူလူထုအတွက် တကယ့်ကိုကာကွယ်ချင်တယ်ဆိုလို့ရှိရင် လူနည်းစုအခွင့်အရေးကိုသာ ကာဗာလုပ်ပေးတဲ့ အကျိုးခံစားခွင့်ရှိတဲ့ ဒီလိုမျိုးအကြီးစား စက်ယန္တယားအလွန်အကျွံ မိုင်းတွေဖောက်ခွဲတာတွေ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗဒါ ဥပဒေမဲ့ မကောင်းဆိုးဝါးတစ်ခု ကျရောက်သလို တူးဖော်တဲ့ ရပ်ဆိုင်းလိုက်တာက အကောင်းဆုံးပဲလို့ ရပ်လိုက်ရင်တောင်မှ အခုက ဖျက်ဆီးထားတဲ့အတွက်ကြောင့်မို့လို့ နောင်နှစ်ပေါင်းများစွာ ဆက်လက်ဆိုးကျိုးခံစားနေရမယ်။ မရပ်ဆိုင်းရင် ဆက်လက်ပြီးမှ ဒီထက်ပိုဆိုးတဲ့ဟာတွေ ခနခနဖြစ်နေအုံးမှာပဲ။ လုပ်ကွက်တွေထဲမှာလည်း သေချာစစ်ဆေး၊ စိစစ်နော် ဥပဒေအတိုင်းမလုပ်ရင် အရေးယူ ဒါမျိုးပေါ့”
အလားတူ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း နွံကန်ပြိုကျခြင်းကြောင့် အနည်းဆုံးမှော်လုပ်သား ၁၆ ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ် ရာရရှိကာ လူဦးရေ ၁၀၀ နီးပါးခန့် ပျောက်ဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။