ဖားကန့်မြေပြိုမှု အလောင်း ၁၁ လောင်း တွေ့ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်တစ်ခုအတွင်း ကျောက်တောင်ကမ်းပါး နံရံပြိုကျခဲ့မှုကြောင့် ကျောက်တူးဖော်သူ အနည်းဆုံး လေးဆယ်ခန့် ပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၆ ရက် (ယနေ့) တွင် သေဆုံးသူ ၁၁ ဦး ဆယ်ယူရရှိသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာနှင့် ဖားပြင်ကျေးရွာအနီးရှိ ဧရာရတနာလုပ်ကွက်အတွင်း ကျောက်တောင်ကမ်းပါးပြိုကျခဲ့ရာ လူလေးဆယ်ခန့် ပျောက်ဆုံးရာမှ ယနေ့တွင် တစ်ချို့ကို ဆယ်ယူရရှိခဲ့သည်ဟု Greenland သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးနောင်လတ်က ပြောသည်။

“ဒီနေ့မှပဲ အားလုံး ၁၁ လောင်းတော့ ရပြီပေါ့။ ပျောက်ဆုံးတာ ၃၀ ဦး ပျောက်ဆုံးတာပေါ့ စာရင်းဇယားက လူမတွေ့ဘူးဆိုတော့ ဒီ မယ်လင်ချောင်ပါမယ်၊ ဒီမောင်မော်ပါမယ်၊ ဆောင်းကော့ အဲဖက်ကဟာတွေပေါ့နော်။ အဲဒါ ပေါင်းလို့ရှိရင် အားလုံးပေါင်းကတော့ ၄၀ ဝန်းကျင်ပျောက်နေတာပျောက်တာ ဒီမနက် ၆ နာရီခွဲလောက်မှ ၆ လောင်းပြန်ပေါ်တယ်။ ၂ နာရီကနေ ၄ နာရီ ဝန်းကျင်မှာ ၅ လောင်းပြန်ပေါ်တယ် အားလုံးပေါင်း ၁၁ လောင်ပေါ့နော်” ဟု ပြောသည်။

အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားသည့်နေရာမှာ ကမ်းပါးမှာ မတ်စောက်လွန်းသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ သေဆုံးသူများ၏ ရုပ်အလောင်း ရှာဖွေရေး လုပ်ငန်းများလုပ်ရန် အခက်အခဲရှိသည် ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဖားကန့်ဒေသရှိ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရုပ်အလောင်းများပေါ်လာပါက ဆယ်ယူနိုင်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် မြေပြင်အခြေအနေများကိုလေ့လာနေပြီး အဆင့်သင့် စောင့်ဆိုင်းလျှက်ရှိသည်ဟု ပြောသည်။

ယခုဖြစ်ပေါ်နေသည့် ကမ်းပါးပြိုကျမှုနဲ့ လူအသေအပျောက် များနေမှုကို လျှော့ချရန်အတွက် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်သည့် ကုမ္မဏီများကို အစိုးရနေဖြင့် ထိရောက်စွာ ကိုင်တွယ်အပြစ်ပေးရန် လိုအပ်သည်ဟု ဦးနောင်လတ်က သုံးသပ်ပြောဆိုသည်။

“ဒီဖားကန့် ကျနော်တို့ ကျောက်မျက်ရတနာ ဥပဒေ စနစ်တကျလိုက်နာမယ် မလိုက်နာတဲ့ ကုမ္မဏီတွေကို ကျနော်တို့ ထိထိရောက်ရောက် အပြစ်ပေးမယ်ဆိုလို့ရှိရင် ဒီကုမ္မဏီရဲ့ မဆင်မခြင် လုပ်တဲ့ကိစ္စတွေဟာ လျော့နည်းပြီးတော့ လူအသေအပျောက်လည်း ကျနော်တို့ နည်းသွားနိုင်တယ်။ ပြီးရင် လူဦးရေကိုလည်း ကျနော်တို့ ထိန်းချုပ်နိုင်တယ်။ ခုသက်တမ်းကုန် လုပ်ကွက်ဆိုရင် ကျနော်တို့ ထိန်းချုပ်ထားသင့်ပါတယ်။ နိုင်ငံတော်က အစိုးရအနေနဲ့ပေါ့နော် အန္တရာယ်လည်း မဖြစ်အောင်ပေ့ါနော ကျနော်အဲဒါပဲ မြင်ပါတယ်”

သို့သော် အစိုးရ အနေဖြင့် ကုမ္မဏီများအား ကိုင်တွယ်ရန် ခက်ခဲနေသည့် အနေအထားတွင် ရှိနေသည်ဟု သူကဆက်ပြောသည်။

“ကျနော်သယံဇာတ ဝန်ကြီးနဲ့ ကျနော်စကားပြောဖြစ်တယ်။ ဒါပေမယ့်လည်း ခက်တာက သူတို့က ဒီဥပဒေကို သူတို့က ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ ဘာကြောင့် ထိန်းချုပ်နိုင်စွမ်းမရှိဘူးလည်းဆိုတော့ အခုကျနော်တို့ ဒီဖားကန့်ဒေသမှာ ကုမ္မဏီလုပ်ကွက် ၃၁၂ ခုရှိတယ်။ များသောအားဖြင့် ကျနော်တို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကုမ္မဏီများနေတယ်။ ဒါဆိုတော့ ဒီရဲ့ ဒေသခံတွေ ဒီကထွေအုပ်တွေ ဒီကတပ်မမှူးတွေ ဒီက တိုင်းမှူးတွေက သူတို့ကို pressure ပေးနိုင်ဖို့ အနေအထား မရှိဘူး ပိုဆိုးတာက အခုဒီမိုကရေစီလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီအစိုးရလက်ထက်မှာ ပြည်ထဲရေးဌာနကို စစ်တပ်က ကိုင်ထားတဲ့ အခါကျတော့ ဒီဥပဒေကို ကိုယ်လိုသလို အသက်သွင်းလို့ အနေအထားမှာလည်း ရှိနေတယ်” ဟုပြောသည်။

ဖားကန့်ကျောက်စိမ်းလုပ်ကွက်များအတွင်း မကြာခဏဖြစ်ပွားနေသည့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေကြီးခြင်း၊ လူအမြောက်အများ ရာနှင့်ချီသော အသက်ဆုံးရှုံးနေရခြင်းများသည် ပွင့်လင်းရာသီတွင် ကုမ္မဏီကြီးများက အကြီးစားလုပ်ငန်းများ၊ စည်းမဲ့ကမ်းမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ အဆမတန် တူးဖော်ခြင်းအပြင် မိုင်းခွဲခြင်းတို့ကို ပြုလုပ်ခြင်းများကြောင့် နောက်ဆက်တွဲ ခံစားရသည့် ဆိုးကျိုးများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။