ရေကြီးမှုကြောင့် မွန်ပြည်နယ်တွင် ကျောင်း ၄၄ ကျောင်း ပိတ်ထားရဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၆ ရက်၊ ၂၀၁၈ ခုနှစ်။
မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် သြဂုတ်လ ၆ ရက်နေ့ထိ စာသင်ကျောင်းပေါင်း ၄၄ ကျောင်း ပိတ်ထားရဆဲဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
မွန်ပြည်နယ်တွင် ရေကြီးခဲ့ပြီးနောက် နေရာအတော်များများရေပြန်ကျလာသည့်အတွက် ယာယီပိတ်ထားရသည့်ကျောင်းအများစု ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း ရေပြန်ကျခြင်းမရှိသေးသည့် ကျိုက်မရောမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့ရှိ ကျောင်းအချို့မှာ ပိတ်ထားရဆဲဖြစ်သည်။
“ကျိုက်မရောကတော့ ရေမကျသေးလို့ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူး၊ ကျန်တဲ့မြို့ နယ်တွေကတော့ အား လုံးနီးပါးပြန်ဖွင့်နေပြီ” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည် (စီမံ)က ပြောသည်။
ပြန်မဖွင့်နိုင်သေးသည့် စာသင်ကျောင်းများသည် ကျိုက်မရောမြို့နယ်တွင် ၃၆ ကျောင်း၊ ပေါင်မြို့နယ်တွင် ၇ ကျောင်းနှင့် သထုံမြို့ နယ်တွင် ၁ ကျောင်း စုစုပေါင်း ၄၄ ကျောင်း ဖြစ်သည်။
မွန်ပြည်နယ်တွင် သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ဇူလိုင် ၂၃ ရက်နေ့မှ စာသင်ကျောင်းအချို့ စပိတ်ထားခဲ့ရာ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ ကျိုက်မရောနှင့် မော်လမြိုင်မြို့နယ်တို့မှ စာသင်ကျောင်းပေါင်း ၁၄၀ ကျော် ပိတ်ထားခဲ့ရသည်။
ရေမြုပ်ခဲ့သည့်ကျောင်းများကို ပျက်စီးဆုံးရှုံးမှုစာရင်း အသေးစိတ်ကောက်ခံလျက်ရှိပြီး လက်ရှိကောက်ခံရရှိ ထားသည့်စာရင်းများအရ ခြံစည်းရိုးနှင့် ကျောင်းတံခါးများ၊ သင်ထောက်ကူပစ္စည်းများ ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်ရမည့်ကျောင်း ၁၉ ကျောင်းခန့်ရှိသည်ဟု ဒေါ်လဲ့လဲ့ကြည်က ဆက်ပြောသည်။
၎င်းပြင် ရေမြုပ်ပြီး ပြန်လည်ဖွင့်လှစ်နေသည့် ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန်လည်း စီစဉ်လျှက်ရှိသည်ဟု ပြောသည်။
“ကျိုက်မရောက နှစ်တိုင်းရေကြီးတယ်၊ ဒါပေမယ့် ဒီနှစ်လောက်မဆိုးဘူး။ ဒီနှစ်က တော်တော်ဆိုးတယ်။ ရေက ပြန်မကျဘူး ဖြစ်နေတယ်၊ အခုဆိုလို့ရှိရင် တစ်ပတ်ကျော်နေပြီ ကျောင်းတွေလည်း ပိတ်ထားရတုန်းပဲ” ဟု ကျိုက်မရော ဒေသခံ နိုင်ထွန်း က ပြောသည်။
ဇူလိုင်လ တတိယအပတ် အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့ နယ်တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၅၀ ခန့်တွင် လူဦးရေ ၁၄၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရသည် ဟု ပြည်နယ် သဘာဝဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
ထို့အတူ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းပေါင်း ရာနှင့်ချီ ယာယီပိတ်ထားခဲ့ရသည်။
အဆိုပါ ဒေသများတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူပေါင်းတစ်သိန်းခွဲကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရသည့်အပြင် အသေအပျောက်လည်းရှိခဲ့ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သြဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၎င်းရေကြီးရေလျှံမှုတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် အဆိုးရွားဆုံးဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပဲခူးမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့မှာ ယခုနှစ်တွင် နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။