တအာင်း(ပလောင်) ဆေးမှူး ၆ ဦး မုဒိန်းပြုကျင့်ခြင်း ခံရဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်။
မြန်မာ့တပ်မတော်မှ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဆေးမှူး အမျိုးသမီး ၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မုဒိန်းပြုကျင့်ကာ သတ်ဖြတ်ခဲ့ကိုသည်ကို သုံးသပ်တွေ့ရှိခဲ့ကြောင်း PSLF/TNLA က ပြောသည်။
“ကျနော်တို့ သိတာက ကျနော်တို့ ဆေးမှူးအဖွဲ့နဲ့ အဲမှာ သူတို့အရှင်ဖမ်းမိတယ်။ အရှင်ဖမ်းပြီးမှ သတ်ဖြတ်လိုက်တာပေါ့။ သူတို့မသတ်ခင် စောစောပြောသလို အမျိုးသမီးတွေကို မုဒိန်းကျင့်ထားတဲ့ လက္ခဏာနဲ့ပေါ့နော။ ဒီဟာက တိုက်ပွဲမှာ ပစ်လို့ခတ်လို့ ကျဆုံးတာမဟုတ်ဘူး။ သူတို့အရှင်ဖမ်းတယ် ဖမ်းပြီးမှ ရိုတ်နှက်ထားတဲ့ဒဏ်ရာ ညိုမဲတဲ့ ဒဏ်ရာတွေ ကျနော်တို့ တွေ့ရှိတယ်” ဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကပြောသည်။
ပြီးခဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် အွယ်လောရွာအနီး၊ နမ္မတူ-မန် တုံ-နမ့်ခမ်း ရွှေဂတ်စ်ပိုင်းလိုင်း ကားလမ်းမပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ၎င်းတို့၏ ဆေးမှူး ၆ ဦးမှာ မြန် မာ့တပ်မတော်၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု PSLF/TNLA က ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲအတွင်း စစ်သုံံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသူများအား သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အုပ်စုလိုက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းတို့ကို မြန်မာ့တပ်မတော်အနေဖြင့် ကျူးလွန်ခြင်းသည် နိုင်ငံတကာ စစ်ရာဇဝတ်မှု ဂျနီဗာကွန်ဗန်းရှင်း သဘောတူညီချက်စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု PSLF/TNLA က ပြော သည်။
ဆေးမှူးများအား မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ထွက်ပြေးလွတ်မြောက်လာသည့် ၎င်းတို့၏ တပ်သားအပြင် သတ္တုတွင်းဝန်ထမ်း ကားသမားများကလည်း ပြန်ပြောပြသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီဟာက စောစောပြောသလို သူတို့ဆီမှာလည်း ကျနော်တို့က မေးမြန်းရသလောက် သူတို့ကဖမ်းမိ တာနဲ့ သတ္တုတွင်းဝန်ထမ်းက သူတို့က ခေါ်သွားတာ တစ်ဖက် ကျနော်တို့ စစ်သမီး ၆ ဦးက သူတို့ တစ်နေရာဆီ ဖမ်း ဆီးခေါ် ဆောင်သွားတယ်” ပြောသည်။
သေဆုံးသွားသည့် ဆေးမှူး အမျိုးသမီး ၆ ဦး ၏ အလောင်းများအား တူးဖော်စဉ် တွေ့ရှိချက်အရ ဇူလိုင် ၁၁ ရက်နေ့တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် လိင်ပိုင်းဆိုင်ရာထိပါး စော်ကားခံရခြင်းနှင့် မတရားပြုကျင့်ခံရခြင်းများကို တစ်ညလုံးရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို သုံးသပ်နိုင်သည်ဟု သြဂုတ်လ ၆ ရက်နေ့ (ယမန်နေ့) တွင် ထုတ်ပြန်ထားသည့် PSLF/TNLA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
ထို့အပြင် ထုတ်ပြန်ချက်ထဲ၌ ညှင်းပမ်းနှိက်စက်ခြင်းများကို ခံနေကြရသဖြင့် ယင်းတို့၏ အော်ဟစ်ငိုကြွေးသံ၊ အကူညီတောင်းသံများကို တစ်ညလုံးကြားခဲ့ရသည်ဟု ဆေးမှူးများ ဖမ်းဆီးထားခံရသည့်နေရာနှင့် ၂၀၀ မီတာခန့် (ပေ ၆၀၀ ခန့်) အကွာဝေးတွင်ရှိ တဖက်တောင်ကုန်းတွင် ဖမ်းဆီးထားခံရသည့် ဒါဏ်ရာရ ကားသမားများက ပြောပြခဲ့သည်ဟု ပါရှိသည်။
သို့သော် မြန်မာ့တပ်မတော်မှ ၎င်းဖြစ်စဉ်နဲ့ပတ်သက်၍ PSLF/TNLA အမျိုးသမီး ဆေးမှူး ၆ ဦးမှာ ဇူလိုင်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း အဆိုပါတိုက်ပွဲကြောင့် တပ်မတော်ဖက်မှ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PSLF/TNLA ဖက်မှ ၈ ဦး သေဆုံးကာ ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်ပေးခဲ့သည်ဟု ဇူလိုင်လ ၁၉ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
PSLF/TNLA တပ်သား ၂ ဦးနဲ့ အမျိုးသမီး ဆေးမှူး ၆ ဦးတို့သည် ဇူလိုင်လ ၁၁ ရက်နေ့က သတ္တုတူးဖော်ရေး လုပ်ဆောင်နေသည့် ကုမ္မဏီကားတစ်စီးအား လမ်းကြုံစီးနင်းလိုက်ပါရာမှ မြန်မာ့တပ်မတော်မှ ချုံခိုတိုက်ခိုက်မှုကို ခံရပြီး ၎င်းတိုက်ပွဲအတွင်း PSLF/TNLA တပ်သားတစ်ဦး သေဆုံးကာ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
ထို့အပြင် ၎င်းတိုက်ပွဲကြောင့် သတ္တုတွင်းဝန်ထမ်းဖြစ်သူ စိုင်းကျော်အေးနှင့် စိုင်းဝင်းဖေတို့မှာ သေနတ်ဒဏ်ရာရှိခဲ့ပြီး ရှေ့ကျော်မောင်းနင်လာခဲ့သည့် ကားသမား ၂ ဦးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် သတ္တုတွင်းတာဝန်ရှိသူများ လာရောက်ထောက်ခံမှုကြောင့် ထိုယာဉ် ညမောင်း (၄) ဦး ပြန်လည် လွတ်မြောက်ခဲ့သည်ဟု PSLF/ TNLA က ဆိုသည်။
ဆေးမှူးများ၏ အလောင်းများမြုပ်ထားသည်ကို ရွာသားများက တွေ့ရှိခဲ့ပြီး မီးသြင်္ဂိုလ်ပေးခဲ့သည်။