ရှစ်လေးလုံး ရည်မှန်းချက်များ မပြည့်ဝသေးဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်။

မြန်မာနိုင်ငံတွင် တပ်မတော်က အစိုးရ၏ အုပ်ချုပ်မှု ယန္တရား အထက်တွင် ရောက်ရှိနေသည့်အတွက် ပြည်သူလူထု တရပ်လုံး တောင်းဆိုခဲ့သည့် အခွင့်အရေးများမှာ ယနေ့တိုင် မရရှိသေးပဲ ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) က ပြောသည်။

ကချင်ပြည်နယ်တွင် အခြေပြုသော ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) ၏ ဗဟိုဌာနချုပ်စခန်း ဂျန်ထုန်-လခွမ်းဘွမ်တွင် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် နှစ် (၃၀) ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားတွင် ABSDF(မြောက်ပိုင်း) ဥက္ကဌ ဗိုလ်မှူးလဆိုင်းက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခု ဒီမိုကရေစီရပြီပဲ ရွေးကောက်ပြီ ပြောမနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းက ပါနေတုန်း။ ဒါစစ်မှန်တဲ့ ဒီမိုကရေစီမဟုတ်ဘူး။ နောက်တစ်ခု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အစိုးရလုပ်နေပြီပဲ၊ ဘာလုပ်ပိုင်ခွင့်ရှိလဲ၊ ဘာလုပ်ခွင့်မှမရှိဘူး။ ကမ္ဘာနဲ့ပြောင်းပြန်ဖြစ်နေတယ်။ စစ်တပ်ကအပေါ်က အစိုးရကအောက်က။ ဒီပုံစံတွေရှိနေသ၍ တချို့လူကြီးတွေ ပြောနေတာပဲ ၂၀၀၈ ရှိလို့ အခုမရသေးဘူး။ ရှစ်လေးလုံး အရေးတော်ပုံကာလက တောင်းဆိုခဲ့တာ ဒီနေ့ဒီအချိန်ထိ ဘာမှမရသေးဘူး”

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်အနီး ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) ဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနားတွင် လက်ရှိပြည်သူများရရှိနေသည့် အခွင့်အရေးများမှာ ပြယုဒ်သဘောမျှသာ ရှိနေသည်ဟု သူကဆက်ပြောသည်။

“စစ်အာဏာရှင်လည်း မပြုတ်ကျသေးဘူး။ နောက်ပြီး တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလည်း မရသေးဘူး။ ဒီစစ်အာ ဏာရှင်ဘက်ကလူတွေက ဘာလဲဆိုရင် ဒီလောက်တောင် အခွင့်ပေးထားပြီဆိုတဲ့ ပြယုဒ်ကို သူတို့က ပြတယ်လေ။ ပြပြီးမှ ကျနော်တို့ရဲ့ ဦးတည်ချက်ပဲ ရောက်သလိုလို ဒီမိုကရေစီပဲ ရသလိုလို သလိုလိုနဲ့ ပြနေတဲ့ပွဲ တွေဖြစ်တယ်။ တချို့ဆိုရင် သူတို့ စစ်အုပ်စုနေပြီးတော့ လုပ်ပေးတဲ့ ရှစ်လေးလုံးလိုမျိုးတွေဆိုတော့ ဒီနေ့ဒီအချိန်ခါမှာ ကျနော်တို့ ပြောသလိုပဲ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ တောင်းခဲ့တဲ့ လူထုဆန္ဒတွေ ဒီကနေ့ ဒီအချိန်ခါထိ တစ်ခုမှ မရသေးဘူး။”

ပြည်သူလူထုတစ်ရပ်လုံး တောင်းဆိုခဲ့သည့် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေးရရှိရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေး စသည့်အချက်မှာ လုံးဝမရရှိသေးပဲရှိနေသည်ဟု ၎င်းကပြောသည်။

ထို့အပြင် ယနေ့ကာလသည် ရှစ်လေးလုံး လူထုအရေးတော်ပုံမှ ပေါ်ပေါက်လာကြသည့် ကျောင်းသား တပ်မတော်အပြင် နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားများ နှစ်ပေါင်း (၇၀) လက်နက်စွဲကိုင် တိုက်ပွဲဝင်ပြီး ကြိုးပမ်း တောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီလား ပြန်လည်ဆန်းစစ်အဖြေထုတ်ရန် လိုအပ်သည့် အချိန်ကာလဖြစ်သည်ဟု (၈-၈-၂၀၁၈) ရက်နေ့တွင် ထုတ်ပြန်သည့် ABSDF(မြောက်ပိုင်း)၏ သဘောထား ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်သည်ဟု ယုံကြည်ပြီး လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အခက်အခဲကြုံ နေရသည်ဟု ABSDF(မြောက်ပိုင်း) က ပြောသည်။

“ဒီကနေ့ NCA ဆိုတာ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ အားလုံးရဲ့ တကယ့်လမ်းကြောင်းမှန်လို့ ရွေးချယ်ခဲ့တာပဲ။ ဒါပေမယ့် စစ်တပ်ကနေပြီးတော့ စစ်အာဏာရှင်ကနေပြီးတော့ ဆုပ်ကိုင်လိုက်တဲ့ NCA ဖြစ်သွားတဲ့အခါမှာ ကျနော်တို့အတွက် ပိတ်သွားပြီ။ အေး ဒီသဘောတရားအတိုင်းပဲ။ ရှစ်လေးလုံးက လူထုတောင်းဆိုခဲ့တဲ့ဟာလည်း ဒီနေ့ ဒီအချိန်ခါမှာ ဒီပုံစံအတိုင်းပဲ တွေ့ရပါတယ်” ဟု ဗိုလ်မှူးလဆိုင်းက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားတောင်းတနေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဗိုလ်မှူးလဆိုင်းကဆိုသည်။

နှစ် (၃၀) ပြည့် ရှစ်လေးလုံး အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

အဆိုပါ ရှစ်လေးလုံးနေ့ အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA/KIO မှ အကြီးအကဲများ၊ ဗဟိုကော်မတီဝင်များ၊ ရက္ခိုင့်တပ်မတော် ( AA ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်ဇာမှ ရပ်မိရပ်ဖ ပြည်သူလူထု တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် ရဟန်းရှင်၊ ပြည်သူလူထု၊ ကျောင်းသူကျောင်းသားများနှင့် လူမျိုးပေါင်းစုံ စုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန္ဒထုတ်ဖော် ဆန့်ကျင်သောနေ့ဖြစ်ပြီး အသက်ပေါင်းများစွာ စတေးခဲ့ရသည့် သမိုင်းဝင် အရေးတော်ပုံ နေ့တစ်နေ့ ဖြစ်သည်။