အစိုးရနှင့် KNPP သဘောတူထားသကဲ့သို့ တွေ့ဆုံနိုင်မှု မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ ယခု သြဂုတ်လလယ်ပိုင်းတွင် ထပ်မံဆွေးနွေးရန် သဘောတူထားသော်လည်း နှစ်ဖက်တွေ့ဆုံနိုင်ခြင်း မရှိသေးဟု  KNPP အထွေထွေအတွင်းရေးမှူး ၁ ခူးပလူးရယ်က ပြောသည်။

ကျနော်တို့ နောက်ဆုံး အခြေအနေကတော့ ၂၁ ပင်လုံ တတိယအကြိမ် အစည်းအဝေးသွားရင်းနဲ့ပေါ့နော် ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့တွေက သူတို့နဲ့ PC အဖွဲ့နဲ့သွားတွေ့တာလေ၊ သွားတွေ့ပြီးတော့ ဒီလ လယ်ထဲမှာပေါ့ တစ်ခါပြန်တွေ့ဖို့ အဲ့လို ဆွေးနွေးခဲ့ကြတာ ရှိတာလေ၊ အဲ့အပေါ်မှာပဲ ကျနော်တို့က စောင့်နေတာ သူတို့ဖက်က အကြောင်းကြားစာ ရှိမလာဘူးပေါ့၊ ရောက်လာမလားပေါ့၊ သူတို့ဖက်က ဘာမှမလာဘူးပေါ့ အဲ့လိုမျိုး ကျနော်တို့ စောင့်နေတာ၊ ကျနော်တို့ဆီကတော့ မရောက်သေးဘူး စာကိုလေ၊

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ လေ့လောသူအနေဖြင့် တက်ရောက်ခဲ့ကြသည်။  ထိုအစည်း အဝေးတက်ရောက်ခဲ့စဉ် ကာလ၌ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ PC အဖွဲ့ဝင်များနှင့် အလွတ်သဘော သီးခြားတွေ့ဆုံခဲ့ပြီး သြဂုတ်လလယ်ပိုင်းတွင် ရန်ကုန်မြို့၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ်ထိုးနိုင်ရေးကိစ္စ ထပ်မံတွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူ ထားခဲ့ခြင်းဖြစ်သည်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက်ပိုင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုကို ဧပြီလ၂၆ ရက်နေ့တွင် လှိုင်ကော်မြို့၌ တစ်ကြိမ်၊ အလွတ်သဘောဆွေးနွေးမှုကို မတ်လအတွင်း၌ ရန်ကုန်မြို့တွင်တစ်ကြိမ် နေပြည်တော်တွင် ဇူလိုင်လအတွင်း၌ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးကော်မရှင် PC နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အကြား ဆွေးနွေးခဲ့မှုများ၏ အခြေအနေများနှင့် ပတ်သက်၍ ခူးပလူးရယ် မှ ယခုလို ပြောဆိုသည်။

သူတို့ဖက်ကတော့ ကျနော်တို့ကို NCA လက်မှတ်ရေးထိုးရေး ကိစ္စကိုပဲ အဓိက ဆွေးနွေးတာပေါ့ ခေါင်းစဉ်ကတော့၊ ဒါပေမယ့် ကျနော်တို့ဖက်ကတော့ ဒီ အခြေအနေအပေါ်မှာ အကြောင်းကြောင်းကြောင့် ပေါ်မှာပေါ့လေ ကျနော်တို့ဖက်က အဲ့ဒီ NCA ကို လက်မှတ်မထိုးနိုင်သေးဘူးဆိုတဲ့ အခြေအနေမှာပဲ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့သည် ပြည်နယ်အဆင့် နှင့် ပြည်ထောင်စု အဆင့် များတွင် နှစ်ဖက်ချုပ်ဆိုခဲ့သည့် သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် အလွတ်သဘော စတင်တွေ့ဆုံခဲ့ချိန်ကစ၍ ယနေ့အချိန်အထိ အခက်အခဲများ ရှိနေသည်ဟုလည်း ခူးပလူးရယ် မှ ဆက်ပြောသည်။

ကျနော်တို့ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်လိုက်တော့ ဒီ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့နဲ့ သူတို့သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က သိပ့်ပြီးတော့ မကြေလည်တာတွေကို ကျနော်တို့ တွေ့ရတာပေါ့လေ၊ နောက် ကျနော်တို့တစ်စုံလုံးကို ကြည့်လိုက်တော့  ဒါ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုတဲ့ သွားနေတဲ့လမ်းကြောင်းလေးက သိပ်ပြီးတော့ မရှိဘူးလေ၊ အဲ့ဒါကြောင့် ကျနော်တို့က NCA ရေးထိုးနိုင်ဖို့က နည်းနည်းအခက်အခဲဖြစ်တယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နှင့် ငြိမ်းချမ်ရေး ဆွေးနွေးပွဲများ ရပ်တန့်နေမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးနိုင်ငံလင်း ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်း ဖြေဆိုခဲ့ခြင်းမရှိပါ။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၅၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး သဘောတူညီမှု ပျက်ပြားခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လတွင်  ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉  ရက်နေ့တွင် ပဏာမပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။