မွန်တော်လှန်ရေးနေ့ အခမ်းအနားသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ မွန်တိုင်းရင်းသားများ တက်ရောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။

မွန်လူငယ်များ ဦးဆောင်ပြီး (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းမှ မွန်လူငယ်များ၊ မွန်လူထုများ သာမက ကရင်ပြည်နယ်မှ မွန်လူငယ်များလည်း တက်ရောက်ခဲ့သည်။

ဝါခေါင်လပြည့်နေ့ သြဂုတ် ၂၆ ရက်နေ့ (ယနေ့)တွင် ကျရောက်သည့် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို မုဒုံရှိ ဝင်းစိန်တောရ သာသနာ့ဝင်းထဲတွင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေး ကော်မတီက ပြောသည်။

“မွန်ခေါင်းဆောင်တွေ အသက်သွေးချွေးစတေးခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် ရုန်းကန်ခဲ့တဲ့တာကို ဂါရဝပြုတယ်၊ ပန်းတိုင်မရောက်သေးတဲ့ ကျနော်တို့ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့တဲ့ အမျိုးသား လွတ်မြောက်ရေးအတွက်ကို ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားဖို့နဲ့ နောင်လာနောက်သားတွေ အတွက် တော်လှန်ရေးစိတ်ဓာတ်ရော တော်လှန်ရေးလမ်းစဉ်တွေနဲ့ လွတ်လပ်မှုရတဲ့အထိ ရည်ရွယ်ပြီးလုပ်တာပါ” ဟု ပွဲကျင်းပရေးကော်မတီ ခေါင်းဆောင် မင်းဇာနည်ဦး က ပြောသည်။

(၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ဆိုင်းဘုတ်ပါ မွန်ဘာသာဖြင့် ရေးထားသည့် “တော်လှန်ရဲမှ လွတ်လပ်မည်” ဆိုသည့် စာသားနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရမှ တားမြစ်မှုရှိခဲ့သည့်အတွက် ပွဲကျင်းပရေးကော်မတီတို့မှ အဆိုပါစာသားကို ဖျက်ပေးခဲ့ရသည်။

“တော်လှန်ရေးဆိုတာက လက်နက်ကိုင်မှမဟုတ်ဘူး ကမ္ဘာပေါ်မှာ လက်နက်မကိုင်ပဲနဲ့ ဥပဒေဘောင်အတွင်းက တော်လှန်ခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ်။ ဒီမှာက တဘက်မှာလည်း လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီး လုပ်တဲ့အခမ်းအနားလိုဖြစ်နေတော့ တော်လှန်ရေးလို့ပြောလိုက်ရင် လက်နက်ကိုင်တဲ့ တော်လှန်ရေးလို့ သူတို့က(အစိုးရ) မြင်သွားတယ်။ အမှန်တကယ်က အခုချိန်မှာ ကျနော်တို့အားလုံးက ဥပဒေလမ်းကြောင်းကပဲ သွားမယ့် လွတ်လပ်မှုကို လိုချင်တယ်။ တရားမျှတမှုကို လိုချင်တယ်။ အဲဒါကတော့ ဥပဒေလမ်းကြောင်းက သွားတဲ့တော်လှန်ရေးကို ပြောချင်တာ” ဟု မွန်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်အဆင့်တို့တွင်လည်း ကျင်းပခဲ့သည်။

ယမန်နှစ်က မွန်ပြည်သစ်ပါတီမှ ပြုလုပ်သည့် မွန်တော်လှန်ရေးနေ့အခမ်းအနားကို စစ်ဝတ်စုံအပြည့်အစုံဖြင့် မပြုလုပ်ရန် မြန်မာ့တပ်မတော်ဘက်က တားမြစ်မှုရှိခဲ့သော်လည်း ယခုနှစ်တွင် တားမြစ်ခြင်းမရှိဘူးဟု မွန်ပြည်သစ်ပါတီက ပြောသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင်အရှေ့ ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်း မြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်းလပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။