အဖွဲ့ဝင်သစ်များအတွက် BNI လမ်းဖွင့်
တိုင်းရင်း မီဒီယာ တိုးတက်ရေးအတွက် တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဆို

သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၃၀ ရက်နေ့၊ ၂၀၀၈ ခုနှစ်။

တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ မြန်မာ့သတင်း Burma News International –BNI အဖွဲ့အနေဖြင့် တိုင်းရင်းမီဒီယာဖွံ့ဖြိုးရေးအတွက် အဖွဲ့ဝင်သစ် သတ်မှတ်ချက်များအား ပြင်ဆင်လိုက်ပြီး ဒေသအခြေပြု မီဒီယာ အဖွဲ့အစည်းများကိုပါ တိုးချဲ ှုဖွဲ့စည်းသွားရန် လမ်းဖွင့်ပေးလိုက်သည်ဟု ထုတ်ပြန်သည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ဝင် အဖွဲ့အစည်သစ်များအား လမ်းဖွင့်ပေးလိုက်ခြင်းနှင့် ပတ်သက်၍ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်သော မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေ မှ ကျမတို့ရဲ့ မူဝါဒအားဖြင့် ဆိုလို့ရှိရင်လည်း တိုင်းရင်းသား မီဒီယာတွေအပြင် ဒေသန္တရမီဒီယာတွေပေါ့ အဲ့ဒီ မီဒီယာတွေကိုလည်း ကျမတို့ အဖွဲ့ဝင် အဖြစ်နဲ့ ပူးပေါင်းပါဝင်မယ်ဆိုလို့ရှိရင် ကျမတို့ ကြိုဆိုပါတယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျမတို့ရဲ့ ဒီ တစ်နိုင်ငံလုံးရဲ့ သတင်းအခြေအနေတွေ နောက် သတင်းအချက် အလက်တွေ ဘာတွေကျတော့ တိုင်းရင်းသား မီဒီယာတွေချည့်ပဲမဟုတ်ပဲနဲ့ တိုင်းရင်းသား ဒေသတွေမှာ အခြေစိုက်တဲ့ ပြည်နုယ်နဲ့ တိုင်းဒေသတွေမှာ အခြေစိုက်တဲ့ မီဒီယာတွေကလည်း သူတို့တွေရဲ့ သတင်းကအစ အများကြီး လုပ်နိုင်တဲ့ဟာတွေရှိတဲ့ အခါကြတော့ ဒီလိုမျိုး ပိုပြီးတော့ ဒေသန္တရမီဒီယာတွေရော တိုင်းရင်းသားမီဒီယာတွေရော ဒိုးတူဘောင်ဖက် ကွန်ယက်အနေနဲ့ ကျမတို့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ပိုပြီးအားကောင်းမယ်လို့ ကျမတို့ ယုံကြည်လို့ ကျမတို့ လက်ခံခြင်း ဖြစ်ပါတယ်။ဟု ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် BNI အဖွဲ့ဝင် အယ်ဒီတာများ ၏ မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်း၌ တိုင်းရင်းသား မီဒီယာ မူဝါဒ ပေါ်ပေါက်ရေး၊ တိုင်းရင်းသား သတင်း သင်တန်းကျောင်းတစ်ခု ပေါ်ပေါက်ရေး နှင့် နှစ်စဉ် ကျင်းပနေသည့် တိုင်းရင်းမီဒီယာ ညီလာခံကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး ကိစ္စများကို အဓိက ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

တဆက်တည်းမှာပင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ အခန်းကဏ္ဍ သည်လည်း အားကောင်းလာစေရန် အရေးကြီးသည့်အတွက် လက်ရှိ တိုင်းရင်းသား မီဒီယာ များ ရပ်တည်ရေးအတွက် အရေးကြီးသလို ပူးပေါင်းဆောင်ရွက်မူသည်လည်း အရေးကြီးကြောင်း နန်းဖော့ဂေ မှ ဆက်ပြောသည်။

သေချာတာက နိုင်ငံတစ်ခု ဖွံ့ဖြိုးရေးအတွက် ကျမတို့ စတုတ္ထမဏ္ဍိုင်အတွက် အရမ်းအရေးကြီးတဲ့အခါကြတော့ အဲ့ဒီ စတုတ္ထမဏ္ဍိုင်က ပြိုလဲသွားရင် အဖွဲ့ဝင်တွေရဲ့ ခြေတောက်တစ်ချောင်း ကျိုးနေတဲ့ အနေအထားမျိုး ရှိတဲ့အခါကြတော့ ကျမတို့က လမ်းနှစ်လမ်းနဲ့သွားမယ် ကိုယ့်အသိုင်းအဝိုင်း အပြောင်းအလဲ အတွက် တိုင်းပြည် အပြောင်းအလဲကို သွားရင်းနဲ့ တဖက်ကလည်း ကျမတို့ရဲ့ ရေရှည် ရပ်တည်ရေးအတွက် စီးပွားရေး လမ်းကြောင်းကို ကိုယ့်ရဲ့ နဂိုမူရင်း ခံယူချက်တွေ မပျောက်ပဲနဲ့ သွားဖို့အတွက်တော့ အရမ်းအရေးကြီးတယ်။

နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းရင်းသား ဒေသအသီးသီးတွင် ငြိမ်းချမ်းရေး ဆိုင်ရာ သတင်းများအား ပိုမိုစောင့်ကြည့်ရေးသားသွားရန်နှင့် တိုင်းရင်းသား အခြေပြု ရုပ်သံအစီအစဉ်များ ကိုလည်း ရိုက်ကူးထုတ်လုပ်မှုများအား တိုးချဲ့ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

နိုင်ငံတကာ မြန်မာ့သတင်းBNI အဖွဲ့ကို တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ၊ ဒေသအခြေပြု သတင်းမီဒီယာများဖြင့် ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၆ ကြိမ်မြောက် အယ်ဒီတာ မျက်နှာစုံညီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းမီဒီယာအဖွဲ့ကို အဖွဲ့ဝင်အသစ်အဖြစ် လက်ခံခဲ့သည်။