ငြိမ်းချမ်းရေး ဆွေးနွေးမှုမူဘောင်ကို ပြင်ဆင်ရန် လိုအပ်သည်ဟု ကရင် ငြိမ်းချမ်းရေး ကွန်ရက် ပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၃၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်ကို ပြင်ဆင်ဖို့ လိုအပ်နေကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN မှာ စောလေးကပေါ က ပြောသည်။
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မပြင်ဆင်ပဲ ရှေ့ဆက်သွားပါက ခိုင်မာသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ကြီးမားသော အခက်အခဲ ဖြစ်လာမည်ဟု စောလေးကပေါက ဆက်ပြောသည်။
“ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး” အစီရင်ခံစာထုတ်ပြန်ခြင်း နှင့်ပတ်သက်၍ ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN မှ စောလေးကပေါ က ယခုကဲ့သို့ ရှင်းပြသည်။
ဒီအချိန်အထိ ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ် ဆွေးနွေးပွဲတွေ လုပ်တာမှာ ပိုမိုပြီးတော့ အကန့်အသတ်တွေ ဖြစ်လာတယ်၊ NCA ပြီးနောက်ပိုင်းမှာ၊ အထူးသဖြင့် ကျနော်တို့ ရရှိတဲ့ ၃၇ ချက်ကို ပြောမယ်ဆိုရင် တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့အချက်တွေ ပါတာအရမ်းနည်းတယ်။ ၂၀၀၈ အောက်မှာ သွားတဲ့ဟာတွေ များတယ်၊ နောက်တခုက နောက်တကြိမ်မှာ ထပ်လုပ်တဲ့ ရရှိလာတဲ့အချက်တွေကလည်း တိုင်းရင်းသားတွေက သိပ်စိတ်ဝင်စားတဲ့အချက်တွေမဟုတ်ဘူး၊ သိပ် ဦးတည်နေတဲ့ဟာတွေလည်း မဟုတ်နေဘူး၊
ဆက်လက်ပြီး စောလေးကပေါက နောက်တချက်ကတော့ တိုင်းရင်းသားတို့အနေနဲ့ ကျနော်တို့ တကယ့်စစ်မှန်တဲ့ Peace Process ကို သွားနိုင်ဖို့အတွက်လည်း သူတို့ သူရဲ့အမျိုးသားတွေ သူရဲ့တိုင်းသူပြည်သားတွေနဲ့ တွေ့ဖို့ကြိုးစားတဲ့ အခါမှာလည်း အစိုးရအနေနဲ့ တပ်မတော်အနေနဲ့ ပိတ်ပင်တားဆီးတာတွေကို အများကြီးလုပ်တယ်၊ နောက်တခုကတော့ ကျနော်တို့ ဒီ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေ ပဋ္ဋိပက္ခ ချုုပ်ငြိမ်းပြီးတော့ ကျနော်တို့ ဒီ NCA လက်မှတ်ထိုးထားပြီးသား တိုင်းရင်းသား နယ်တွေမှာလည်း ကျနော်တို့ တပ်မတော်တွေနဲ့ ဒီ တိုင်းရင်းသား လက်နက်ကိုင်အကြား ပြန်လည်ပြီးတော့မှ ပဋ္ဋိပက္ခ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာတာကလည်း ဒါကျနော်တို့ ငြိမ်းချမ်းရေးကို အဆုံးသတ်စေလာနိုင်တဲ့ အကြောင်းအရာတွေထဲက ဖြစ်ပါတယ်ခင်ဗျ၊
ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး ဆိုသည့် အစီရင်ခံစာတွင် လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အကောင်အထည်ဖော်နေသော နိုင်ငံရေး မူဘောင် နှင့် တွေ့ဆုံဆွေးနွေးမှု မူဘောင်များ၏ အားသာချက် အားနည်းချက်ကို အဓိက ထောက်ပြရေးသားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်ဖြတ်သန်းနိုင်သော နိုင်ငံရေး မူဘောင်အသစ်တခုကို မဖြစ်မနေ ရေးဆွဲရန် လိုအပ်နေပြီး ထိုမှသာ စစ်မှန်ပြီး တနိုင်ငံလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကို ဦးတည်ဆောက်ရွက်သွားနိုင်မည်ဖြစ်သည်ဟုလည်း စောလေးကပေါ မှ ပြောသည်။
ငြိမ်းချမ်းရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားချင်တယ်ဆိုရင်တော့ အရင်ဆွေးနွေးပွဲတွေက ၂၀၀၈ ဖွဲ့စည်းပုံကို ဥပဒေကို ကျော်လွန်ပြီးတော့မှ ဆွေးနွေးနိုင်တဲ့ ဆွေးနွေးမှု မူဘောင် ဖြစ်မှသာလျှင် တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားနိုင်မှာ ဖြစ်တဲ့အတွက် ကြောင့်မိုလို့ ကျနော်တို့က ဒီ Report ကို ကျနော်တို့ ထုတ်ပြန်ပြီးတော့မှ အများပြည်သူသိအောင် ရေးသားရတာဖြစ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသော အခြေခံ မူဝါဒများသည် ပြည်ထောင်စု သဘောတူစာချုပ် အတည်မပြုခင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အရ ဖွဲ့စည်းထားသော တံခါးပေါက် ငါးချပ် ဖြစ်သော ပထမ တံခါးပေါက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ TWC ၊ ဒုတိယ တံခါးပေါက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ UPDJC-S ၊ တတိယ တံခါးပေါက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC၊ စတုတ္ထ တံခါးပေါက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ရာစု ပင်လုံ ) ပဉ္စမ တံခါးပေါက် ပြည်ထောင်စု လွှတ်တော် များကို မဖြစ်မနေ ဖြတ်သန်းရန် လိုနေသည်ဟု ပြောသည်။
သို့ရာတွင် ၂၁ ရာစု ပင်လုံညီလာခံတွင် သဘောတူညီ ခဲ့သော မြေယာဆိုင်ရာ အခြေခံမူများသည် ကရင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ရရှိခဲ့သော အဓိက အခြေခံမူများနှင့် ဆန့်ကျင်ကွဲလွဲ နေသည်ဟု စောလေးကပေါ မှ ဆက်ပြောသည်။
ပထမဦးဆုံးတချက်ကတော့ ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ မြေယာမူဝါဒ ပေါ်လစီ အပါအဝင်ပေါ့လေ ကျနော်တို့ ဆွေးနွေးခဲ့တယ် ပြည်သူလူထုနဲ့ တိုင်းရင်းသား လက်နက်ကိုင်ထုက ဆွေးနွေးခဲ့တယ် အဲ့ဒီ ဆွေးနွေးပွဲကို အစိုးရကနေပြီးမှ ကန့်ကွက်တဲ့ဟာမျိုး လုပ်တယ်၊ နောက်တချက်ကတော့ ကျနော်တို့ ဒီမြေယာ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကိုလုပ်တဲ့အခါမှာ အစိုးရအနေနဲ့ ပိတ်ပင်တဲ့ဟာမျိုးတွေလုပ်တယ်၊ နောက်တချက်ကတော့ ကျနော်တို့ ဒီ မြေယာမူဝါဒ ပေါ်လစီပေ့ါနော် ကျနော်တို့ တင်သွင်းတဲ့ဟာတွေ ရှိတယ် ပေါ့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာပေါ့နော် ဒါပေမယ့် အဲ့ဒီမှာ ကျနော်တို့ အနေနဲ့ တင်သွင်းဆွေးနွေးတဲ့ ဟာ တွေမှာ တကယ့်တိုင်းရင်းသားတွေ လိုချင်တဲ့ဟာတွေဟာ အားလုံးဟက ပယ်ချခြင်းခံရတဲ့အနေအထားမျိုး တွေ ရှိတယ်ပေါ့နော် ပယ်ချပြီးတော့ အသိအမှတ်မပြုတဲ့ အနေအထားမျိုးတွေ ရှိနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်ခင်ဗျ၊
ထိုကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အကန့်အသတ် နှင့် ကင်းလွတ်သော နိုင်ငံရေး ဆွေးနွေး မှုနှင့် ဆွေးနွေးအဖြေရှာမှုများပါဝင်သော မူဘောင်အသစ်တစ်ခုကို ရေးဆွဲဖေါ်ထုတ်ရန်နှင့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးမှုများ လုပ်ငန်းစဉ်တလျှောက် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ပေါ်ပေါက်ကျင့်သုံးနိုင်သည်အထိ ခေတ္တရပ်ဆိုင်းထားရန် KPSN မှ အကြံပြု တိုက်တွန်းထား သည်။
ဒါ့အပြင် မြန်မာတပ်မတော်သည် ထိုးစစ်အားလုံးကို ရပ်တန့်သင့်ပြီး၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖေါ်သင့်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC နှင့် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသားများ အားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးမှုကို ကျင်းပရန် အကြံပြုတိုက်တွန်းထားသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN အဖွဲ့သည် ကရင်အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကရင်တိုင်းရင်းသား လူမှုအသိုင်းအဝန်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင် ပေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်း တင်ခြင်း နှင့် ရေရှည်တည်တန့်မည့်၊ တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။