ပေါင်းစည်း ပါတီအမည်ကို “မွန်ပါတီ” ဟု ခေါ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

သုံးပါတီ ပူးပေါင်းလိုက်သည့် မွန် နိုင်ငံရေးပါတီ၏ အမည်ကို မွန်ပါတီ (Mon Party) အဖြစ် ရွေးချယ်အတည်ပြုလိုက်သည် ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ပါတီအမည်သစ် ရွေးချယ်တာနဲ့ ပတ်သက်ပြီး အမည် ၁၃ ခုကနေ မြို့ နယ်တွေမှာ အများပြည်သူတွေရဲ့ မဲဆန္ဒနဲ့အညီ ရွေးချယ်တဲ့နေရာမှာ မဲအများဆုံးရရှိတဲ့ “မွန်ပါတီ” အမည်သစ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ၃ ပါတီတို့သည် ပေါင်းစည်းပြီး ပါတီအမည်သစ်ဖြင့် တရားဝင်မှတ်ပုံတင်ရန် သြဂုတ်လဆန်းပိုင်းခန့်က သဘောတူညီထား ကြသည်။

လာမည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် ပါတီအသစ်မိတ်ဆက်ပွဲ အခမ်းအနားတရပ်ကျင်းပသွားမည်ဖြစ်ပြီး မွန်ပါတီများ ပေါင်းစည်းကြပြီးဖြစ်ကြောင်းကို မွန်ပြည်သူများအား တရားဝင်ကြေညာသွားမည်ဟု နိုင်စံတင်က ဆက်ပြောသည်။

ပါတီအမည်သစ်ကို အမည် (၁၃) ခုထဲမှာ “မွန်ပါတီ” ဆိုသည့် အမည်သစ်ကို မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ပါတီအသစ်၏ ပါတီဥပဒေ စည်းမျဉ်းစည်းကမ်း၊ မူဝါဒများရေးဆွဲပြီးလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတရားဝင် မှတ်ပုံတင်ခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်သွားမည် ဟု မွန်ပါတီခေါင်းဆောင်များက ပြောသည်။

လက်ရှိတွင် မွန်ပါတီပါကို ဗဟိုကော်မတီဝင် လူဦးရေ အယောက် (၁၂၀) နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မ တီ ဝင် (၅၁) ဦး တို့ဖြင့် ရွေးချယ်ဖွဲ့စည်းထားသည် ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမ က ပြောသည်။

မွန်ပြည်သူလူထုများ၊ မွန်သံဃာတော်များ လိုလားနေသည့် မွန်တစ်ပါတီတည်း ဖြစ်လာတော့မည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် မွန်နိုင်ငံရေး အင်အားစုများလည်း မွန်ပါတီထဲ ပါဝင်လာနိုင်ရန်အတွက် ဆက် လက်ကြိုးပမ်းသွားမည်ဟု လည်း မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်ဟု သိရသည်။

မွန်ပါတီများပေါင်းစည်းရေးကို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်မှ စတင်ပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။