ငြိမ်းချမ်းရေး ညီလာခံ မွန် အင်အားစုများ သုံးသပ်ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
မွန်နိုင်ငံရေးပါတီများ၊ မွန်အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် မွန်ပြည်သစ်ပါတီတို့သည် ၂၁ ရာစုပင်လုံညီလာခံ အပေါ် ပြန်လည်သုံးသပ်သည့်ခြင်းများကို အစုအဖွဲ့အလိုက် ကျင်းပလျက်ရှိသည်။
မွန်နိုင်ငံရေးပါတီများက သြဂုတ်လ ၃၁ နှင့် စက်တင်ဘာ ၁ ရက်နေ့တွင်လည်းကောင်း၊ မွန်အရပ်ဖက်လူမှု အဖွဲ့အစည်းတို့က စက်တင်ဘာ ၁ နှင့် ၂ ရက်နေ့တို့တွင်လည်းကောင်း မော်လမြိုင်မြို့ပေါ်တွင် ကျင်းပခဲ့ကြပြီး မွန် ပြည်သစ်ပါတီကလည်း စက်တင်ဘာလ ပထမအပတ် အတွင်းတွင် ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် ဝယ်ဆင်စခန်းတွင် ကျင်းပသွားမည် ဖြစ်သည်။
“၂၁ ရာစုပင်လုံနဲ့ ပတ်သက်ပြီးတော့ ဒီမှာအားလုံး ပြန်သုံးသပ်တာပေါ့နော် တိုင်းရင်းသားကဏ္ဍမှာ ဘာလိုအပ်သေးလဲ အခု ဆွေးနွေးတဲ့ကဏ္ဍတွေ အလိုက်မှာ အခုတတိယအကြိမ်မှာ ဆုံးဖြတ်ချက်က တအားနည်းတဲ့ အခါကျတော့ နောက်တကယ်လို့ စတုတ္ထအကြိမ် ခေါ်လာရင် ကျနော်တို့ ဘာဖြည့်စွတ်ဖို့ လိုသေးလဲဆိုတာ အဖြေရှာတဲ့သဘောမျိုးပဲ” မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင် က ပြောသည်။
မွန်တိုင်းရင်းသား အင်အားစုများ၏ အစုအဖွဲ့ အလိုက်ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲများတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အတွင်းရေးမှူးအဖွဲ့ဝင်တို့မှ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာနှင့် ဖက်ဒရယ်ဆိုင်ရာ အကြောင်းအရာများကိုလည်း တက်ရောက်ရှင်းလင်းခဲ့သည်ဟု ပြောသည်။
“အခု ညီလာခံမှာက အဓိက ကြုံတွေ့ နေရတဲ့ ပြဿနာက သဘောတူညီချက်ပေါ့။ ပြည်ထောင်စု သဘောတူ ညီချက်တွေက အားလုံးလက်ခံနိုင်တဲ့သဘောတူညီချက်ဖြစ်ဖို့လိုတာ နံပါတ် ၁ ပေါ့။ ကျနော်တို့ မွန်တမျိုးသား လုံးလဲမဟုတ်ဘူး တချို့လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တွေလဲရှိတယ်။ အဲဒီလက်နက်ကိုင်တွေလည်း သဘောတူညီနိုင်မှ ဒါကြောင့် ဒီညီလာခံမှာ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေက ဘာတွေသွားဖြစ်နေလဲ ဆိုတော့ တိုင်းရင်းသားတွေအတွက် အနှစ်သာရရှိတဲ့ဟာတွေ လောလောဆယ် ပါလာတာမရှိသေးဘူး” ဟု UPDJC အတွင်းရေးမှူး မင်းဇေယျာဦးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍမှ အချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၂ ချက် စုစုပေါင်း ၁၄ ချက်တို့ကို သဘောတူညီနိုင်ခဲ့သော်လည်း လုံခြုံရေးကဏ္ဍအား ဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။
ဖက်ဒရယ်အရေး ရှင်းလင်းဆွေးနွေးသူ ဒေါက်တာမင်းနွယ်စိုးကလည်း “မွန်အမျိုးသားတွေအတွက်က လူမျိုး အလိုက်နိုင်ငံရေးဆွေးနွေးပွဲကို ရေးမှာလုပ်ပြီးသား အစီရင်ခံတွေလည်း တင်ပြီးသား သို့သော်လည်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲက မပြီးသေးဘူး။ ပြီးတော့ နိုင်ငံရေးဆိုလို့ရှိရင် ပြီးခဲ့တဲ့အပတ်က လုံးဝမဆွေးနွေးထားဘူး။ အဲ တော့ ဒါတွေကို ဆွေးနွေးနိုင်ဖို့က ကိုယ်ဘာလုပ်ထားလဲဆိုတာကို review လုပ်ဖို့လိုတယ်။ လာမယ့် ညီလာခံ ရယ် ပြီးတော့ နောက်နှစ်မှာ လုပ်မယ့် ညီလာခံ ၂ ခု ၃ ခုမှာ နိုင်ငံရေးကို ဆွေးနွေးမယ် နိုင်ငံရေးဆွေးနွေးတာက နိုင်ငံရေးဆွေးနွေးပွဲမှာ အရေးကြီးဆုံးပဲ ကိုယ့်ပြင်ဆင်မှုအကောင်းဆုံးဖြစ်အောင်တော့ ဒီလိုပွဲမျိုး လုပ်ရမှာပဲ” ဟု ပြောသည်။
မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပခဲ့သည့် မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှ ဆွေးနွေးရရှိထားသည့် အချက်အလက်များထဲမှ မြေယာနှင့် လူမှုရေး ကဏ္ဍ အကြောင်းအရာ အနည်းငယ်သာ ပြီးခဲ့သည့် တတိယ အကြိမ် ၂၁ ရာစုပင်လာညီလာခံတွင် ဆွေးနွေးတင်ပြနိုင်ခဲ့သည် ဟု ညီလာခံတက်ရောက်ခဲ့ကြသည့် မွန်တိုင်း ရင်းသားကိုယ်စားလှယ်များက ပြောပါသည်။
ပြီးခဲ့သည် ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သည့် တတိယပင်လုံအစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စတဲ့ အခန်းကဏ္ဍများအား အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများအစုးအဖွဲ့များနှင့် တိုင်းရင်းသား လက်နကက်ကိုင်တော်လှန်ရေးအဖွဲ့တို့က ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် သဘောတူညီချက် ၃၇ ချက် ရရှိခဲ့သည်။ တတိယအကြိမ် အစည်းအဝေးတွင် ၁၄ ချက် ထပ်မံရရှိခဲ့သည့်အတွက် လက်ရှိတွင် သဘောတူညီချက် ၅၁ ချက်ရှိပြီ ဖြစ်သည်။