ရှမ်းမြောက်ဒေသ ဒုက္ခသည် တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ္မတူမြို့နယ် အတွင်းမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေး လွတ်ရာ ထွက်ပြေးရသည်ဟု ဒေသခံများက ပြောသည်။
တအန်း(ပလောင်)နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း ပူးပေါင်း တပ်ဖွဲ့များ နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းတို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နမ္မတူမြို့နယ်အတွင်းရှိ မန်လီ၊ မိုင်းယု၊ မန်စံနှင့် ပန်သပြေကျေးရွာတို့မှ ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု သီပေါမြို့မှ နယ်စည်းမခြား လူမှုကူညီရေးအသင်းမှ ကိုမျိုးက ပြောသည်။
“ပန်ကိုင်ရွာနားမှာ ဒီမနက်ပဲ တိုက်ပွဲထပ်ဖြစ်တယ်။ ဒီနေ့မနက်လည်း ပန်ကိုင်ရွာကနေပြီးတော့ နောက်ထပ် ၁၅ ယောက်ရောက်တယ်။ အခုလည်း သွားပြီး ကြိုနေတုန်းပဲ။ အခုက သီပေါက ဘိုးတော်ဘုန်းကြီးကျောင်းတိုက်မှာ ၃၀၀ ကျော်တယ်။ နမ္မတူ မန်လီကျေးရွာမှာလည်း တစ်ထောင်ကျော်ရှိတယ်” ဟု ပြောသည်။
နမ္မတူမြို့နယ်အတွင်းရှိ ပန်ကိုင်ကျေးရွာနှင့် ပန်လုံကျေးရွာတို့တွင် ယနေ့နံနက်တွင်လည်း တအန်းမျိုးသား လွတ်မြောက်ရေးတပ်မတော်PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်ဖွဲ့များကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
ပန်လုံးကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စက်တင်ဘာလ (၁) ရက်နေ့ကလည်း ဒေသခံရွာသား နှစ်ဦး သေနတ်ကျည်ဆံ ထိမှန်ခဲ့သည်ဟု နယ်စည်းမခြားပရဟိတအဖွဲ့က ပြောသည်။ အလားတူ ကျေးရွာများ အတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်လျှက်ရှိသည်ဟု ပြောသည်။
နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာများတွင် သြဂုတ်လ လကုန်ပိုင်းမှစပြီး ယနေ့ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ပြောသည်။
နမ္မတူမြို့နယ်အတွင်းရှိ မန်လီမှ စစ်ဘေးရှောင်များအား ပရဟတိအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အစားအသောက်များအတွက် ကူညီပေးနေပြီး သီပေါမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ရှမ်းယဉ်ကျေးမှု အဖွဲ့များက ကူညီ ပေးနေသည်ဟု သိရသည်။
စစ်ဘေးရှောင်များအား နမ္မတူမြို့နှင့် သီပေါမြို့ဘုန်းတော်ကြီးကျောင်းများတွင် နေရာချထားပေးပြီး အစားအသောက်များ အရေးပေါ်လိုအပ်နေသည်ဟု ပြောသည်။
PSLF/TNLA၊ SSPP/SSA နှင့် RCSS/SSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် စစ်ဘေးရှောင်များလည်း ထပ်မံတိုးလာဖွယ်ရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် တအာင်းမျိုးသမီး အဖွဲ့ (TWO) က ပြောသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် တအာင်းမျိုးသမီးအဖွဲ့ (TWO) မှ လွေးဝီနှီမ်းပါ က “အခုက အားလုံး ၁၀၇၀ ရှိသွားပြီ။ ပန်သပြေမှာက ၆၂၈၊ မန်လီမှာက ၄၄၂ ရှိတယ်။ တိုက်ပွဲကလည်း ဒီနေ့လည်း ထပ်ဖြစ်ယ်။ အထူးသဖြင့်ကတော့ ပြည်သူလူထုတွေကလည်း ဒုက္ခရောက်နေတယ်။ ကူညီပေးနေတဲ့အဖွဲ့တွေအတွက်လည်း စိုးရိမ်တယ်။ ခနခနဆိုတော့ ကူညီတဲ့လူတွေလည်း အခက်အခဲဖြစ်လာနိုင် အားနည်းသွား တာမျိုးပေါ့” ဟု ပြောသည်။
“ဒီတိုင်းပဲ ခနခန ဆက်ဖြစ်နေတော့ ပြည်သူတွေကလည်း ခနခန ထွက်ပြေးနေရတဲ့အခါကြတော့ ဘဝရပ်တည် ရေးကလည်း အဆင်မပြေနိုင်တော့ဘူး။ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်ကြဘူးလေ။ အခုပြေးလာတဲ့ စစ်ရှောင်တွေဆိုတာက ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကမှ ပြန် သွားတဲ့ စစ်ရှောင်တွေဖြစ်တယ်။ ထပ်ခါပြန် ပြေးနေရတော့ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခရောက်ရတဲ့ အပိုင်းတွေဖြစ်တယ်ပေါ့နော်” ဟု ဆက်ပြောသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ဆုံကျေးရွာ၊ မန်ဆာကျေးရွာနှင့် မိုင်းယူလေးကျေးရွာတို့တွင်လည်း တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရတပ်မတော်မှ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ တို့ သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။