NCA လက်မှတ်ထိုး ထိပ်သီး အစည်းအဝေးသို့ လက်မှတ် မထိုးအဖွဲ့များအား ဖိတ်ကြားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၇ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးကို လက်မှတ်မထိုးရသေး သော မြောက်ပိုင်း အင်အားစုဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ FPNCC နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ကို တက်ရောက်ရန် ဖိတ်ကြားလိုက်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း သုံးသပ်နိုင်ရန် နှင့် နိုင်ငံရေး ဆုံးဖြတ်ချက်ချနိုင်သူ အချင်းချင်း တွေ့ဆုံ ပြီး သဘောတူညီချက်တွေ စုစည်းထုတ်ယူနိုင်ဖို့အတွက် စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် NCA-s EAO Summit ကို လက်မှတ် မထိုးသေးသော အဖွဲ့များအား ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ရက်ကြာကျင်းပပြီး ယနေ့ပြီးဆုံးသွားခဲ့သည့် NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
NCA အပစ်ရပ် အဖွဲ့များ၏ တတိယအကြိမ်မြောက် SUMMIT တက်ရောက်ရန် ဖိတ်ကြားထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော် သံခဲ မှ FPNCC လို့ခေါ်မည့် မြောက်ပိုင်း တပ်ပေါင်းစု အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတိုင်း ကိုလည်း ဖိတ်ပါတယ်၊ FPNCC မှာ မပါသေးသော်လည်းပဲ ကျနော်တို့နဲ့ တစ်လျှောက်လုံးတွဲခဲ့တဲ့ KNPP လို အဖွဲ့အစည်းမျိုးကိုလည်း ဖိတ်ကြားထားပါတယ်ဗျ၊ ဟု အတည်ပြု ပြောဆိုသည်။
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားရခြင်းသည် ပထမ တစ်ခုကတော့ ကျနော်တို့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင် ကျနော်တို့ စိတ်ထဲမှာ ရှိသလောက် ဗမာပြည်ရဲ့ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေဟာ လိုသလောက် ခရီးမပေါက်ဘူး ဒါကြောင့်မိုလို့ အဲ့ဒါတွေကို ခရီးပေါက်ဖို့အတွက်ဆိုရင် ကျနော်တို့ အားလုံးဟာ ဒီထက် မကတဲ့ နည်းဗျူဟာတွေ မဟာဗျူဟာတွေ နောက်တခုကတော့ ချည်းကပ်မှုပုံစံတွေ ကျနော်တို့တွေ အများကြီး စဉ်းစားဖို့လိုအပ်လာတယ်၊ ဟု ABSDF ဥက္ကဌ ရဲဘော် သံခဲ မှ ဆက်ပြောသည်။
တတိယအကြိမ်ကျင်းပမည့်NCA-s EAO Summit အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးနှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားကြမည်ဟု သိရသည်။
လေးရက်ကြာကျင်းပမည့် NCA အပစ်ရပ် အဖွဲ့များ၏ NCA-s EAO Summit ထိပ်သီး အစည်းအဝေးတက် ရောက်ရန် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့မှ အဖွဲ့ဝင် တစ်ဦး စီ တက်ရောက်ရန် နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ ၂ ဦး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟုလည်း သိရသည်။
နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ပျက်မသွားဖို့လည်းလိုတယ်၊ နံပါတ် ၂ ကတော့ ဒီဖြစ်စဉ်ရဲ့ အား နည်းချက်တွေကို ပြုပြင်ပြီးတဲ့အခါကြတော့ ရှေ့ဆက်ပြီးတော့မှ အကောင်းဆုံးဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖို့ လိုတယ်၊ နံပါတ် ၃ ကတော့ တကယ့်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဟာ အခုဖြစ်စဉ်ထဲမှာ ရှိနေတဲ့ ယန္တရားတွေ ကော်မတီတွေနဲ့ မလုံလောက်ဘူးဆိုရင် တကယ့်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ထိပ်ပိုင်းဆိုင်ရာတွေနဲ့ပါ အချင်းချင်းပေါ့ နိုင်ငံရေးပိုင်း ဆုံးဖြတ်နိုင်တဲ့အချင်းချင်း တွေ့ဆုံနိုင်တဲ့ ဆွေးနွေးပွဲတွေကနေ သဘောတူညီချက် တွေ ရအောင် ထုတ်နိုင်ဖို့ လိုတယ်၊ မလွဲမသွေ ကျနော်တို့ စဉ်းစားရမည့်အချက်က အခုပြောဆိုနေကြတဲ့ လူနဲ့တင် မပြီးဘူး၊ ကျန်နေတဲ့ အဖွဲ့တွေလည်း ပါဝင်ဖို့ကိုလည်ူ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်၊ ဒါကြောင့် မို့ နံပါတ် ၄ အနေနဲ့ကတော့ ကျန်နေတဲ့အဖွဲ့အစည်းတွေ ဒီပါဝင်နိုင်မှုထဲမှာ ဘယ်လိုပါဝင်လာမလဲဆိုတာကိုး ကျနော်တို့ အနေနဲ့ အလေးအနက် ထည့်သွင်းစဉ်းစားနိုင်မှလည်း ဖြစ်လိမ့်မယ်၊ အဲ့ဒါကြောင့်မိုလို့အခုကျနော် တို့ NCAလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေရဲ့ ထိပ်သီးစည်းဝေးပွဲတွေ မျက်နှာစုံညီပွဲတွေမှာ လက်မှတ် မထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း တက်ရောက်ပါဝင်ဖို့ဆိုတာကလည်း ဒါ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်၊ ဒါကြောင့်မို့ သူတို့ကို ဖိတ်ကြားရခြင်းဖြစ်ပါတယ်။ ဟု ရဲဘော် သံခဲ မှ ပြောသည်။
လက်ရှိ NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ် ဦး ABSDF၊ ပအို့အမျိုး သား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ဖြစ်ကြသည်။