တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်သည့် ညီလာခံတရပ် ထပ်မံခေါ်ယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် ညီလာခံ တရပ် အမြန်ဆုံး ကျင်းပရန် NCA- ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးက ဆုံး ဖြတ်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများတွင် NCA စာချူပ် လက်မှတ်ရေး ထိုးထားသည့် အဖွဲ့များသည် NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းနေကြသလို NCA လမ်းကြောင်းမ ဟုတ်ပဲ တခြားလမ်းကြောင်းမှ သွားရန်ဆန္ဒရှိသည့် အဖွဲ့အစည်းများလည်း ရှိနိုင်သည့်အတွက်  မြန်မာ့ ငြိမ်းချမ်း ရေးတွင် NCA လမ်းကြောင်းအပြင် တခြားမည်သည့် လမ်းကြောင်းရှိနိုင်သလဲဆိုသည်နှင့် တိုင်းရင်းသားများ အတွက် ရှိနိုင်သည့် ဖြစ်နိုင်သည့် လမ်းကြောင်းသွားနိုင်ရေး အမြင်သဘောထား ဖလှယ်သည့် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို အမြန်ဆုံး ကျင်းပသွားမည်ဟုလည်း ပဒိုစောကွယ်ထူးဝင်း မှ ပြောသည်။

အမှန်အားဖြင့်တော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ရည်မှန်းထားတဲ့ နိုင်ငံရေး ရည်မှန်းချက်က တူတယ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ဖို့အတွက် သို့သော်လည်းပဲ ရပ်တည်မှုက အားလုံးက တူချင်မှ တူလိမ့်မယ်၊ ဒါကြောင့်မိုလို့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းက ဒီ ငြိမ်းချမ်းရေး ပရောစက်မှာ တူညီတဲ့ သဘောထားကို စုစည်းနိုင်ဖို့အတွက် ၊ ဆိုလိုတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံမူကို ကျနော်တို့ ဘုံ လက်ခံထားတဲ့ ဘယ်လိုမူလဲ ဆိုတာ အားလုံး လက်ခံလို့ရှိရင် ကျနော်တို့ တဖက်နဲ့ သွားဆွေးနွေးတဲ့ နေရာမှာ ဒီ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေရဲ့ သဘောထား မဟုတ်ဘူး၊ ဒါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေ အားလုံးရဲ့ လိုလားချက် ဖြစ်တယ်ဆိုတာကို ကျနော်တို့ ရနိုင်ဖို့အတွက်လည်း ဖြစ်တယ်၊ နောက်တချက်ကတော့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်စဉ် ဆိုင်ရာ လုပ်ငန်းစဉ်မှာလည်း ဘုံသဘောထား၊ ဘာဖြစ်လို့လည်းဆို ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေး ဆိုလို့ရှိရင်လည်း တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အားလုံးဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ ဘုံ သဘောထား ဘုံ ရပ်တည်ချက်ကို ရနိုင်ဖို့ အတွက်လည်း ဖြစ်တယ်၊

လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲများသည် ရပ်တန့်သလောက် ရှိနေပြီး တစ်စို့နေသလို ၊ ပြည်သူ့တွေ့ဆုံပွဲ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသည်လည်း ကျင်းပခွင့်မရသည့် အနေအထားမျိုး ကြုံတွေ့နေရ သည့်အတွက် ရှေ့ဆက်သွားရန် မရတော့သည့် အနေအထား တစ်ရပ် ဖြစ်ပေါ်နေတာကြောင့် UPC ကို တစ်နှစ်ကြာ ရပ်နားခဲ့ရသည့် အခြေအနေ ကြုံတွေ့ခဲ့ရမှုအပေါ် ပိတ်စို့တစ်စို့ နေမှုများကို ကျော်လွှားနိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၄ ရက်ကြာ ကျင်းပခဲ့သည့် NCA-s EAO Summit ထိပ်သီးအစည်း အဝေးမှ ဆုံးဖြတ်ခဲ့ကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံးက  ပြောသည်။

တစ်စို့နေမှုများကို ကျော်လွှားနိုင်ရန် အစိုးရ ၊ တပ်မတော် ဖက်မှ ဆုံးဖြတ်ပေးနိုင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ ခေါင်းဆောင်များနှင့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အဆုံးအဖြတ်ပေးနိုင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ 10+10 အဖွဲ့ဝင်ခေါင်းဆောင်များ အလွတ်သဘော အမြန်တွေ့ဆုံညှိနှိုင်းပြီး ဆွေးနွေးမှု များ ရှေ့ဆက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရှင်းလင်းပွဲတွင် ပူးဇင်ကျုံးက သတင်းထောက်များအား ယခုလို ပြောသည်။

ကျနော်တို့ ဒီ UPC သွားတဲ့အခါကြတော့လည်း ကျနော်တို့ရဲ့ ခုနက ဖတ်ကြားသွားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်မူ နောက်ပြီးတော့မှ တန်းတူရေး နဲ့ ခွဲမထွက်ရဆိုတဲ့ဟာကို အလေးအနက် လုပ်ရမယ်၊ နောက် တပ်မတော် တခုထဲ ထားရှိရေးကိုလည်း ကျနော်တို့ စောင်းပေးပြီးမှ ဆွေးနွေးရမယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့အနေနဲ့ ရှေ့မတိုးနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားတယ် တစ်စို့မှုတွေ ဖြစ်သွားတယ်လို့ ကျနော်တို့ အမြင်ရှိပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အောက်ကနေ အပေါ်ကိုသွားတဲ့ ဖြစ်စဉ်မျိုးကတော့ ကျနော်တို့ အလုပ်လုပ်ရတာ တော်တော်လေး ခက်ခဲတယ်၊ ကျနော်တို့ အလုပ်မတွင်ဘူး ဆိုတဲ့အမြင်မျိုး ရှိတဲ့အတွက် ကျနော်တို့ ထိပ်ပိုင်းမှာ ရှိနေတဲ့ တပ်မတော်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ နောက် တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဆုံပြီးတော့မှ အဲ့သလို ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ပြီး အဲ့ဒီ အဖြေကို ရှာဖို့ရန်အတွက် ဒီကနေ့ ဆုံးဖြတ်ချက်ထဲမှာ ချထားတာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် မှ အရေးကြီးတယ်လို့ ယူဆပါတယ်။

ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်း ထိုးတဲ့အဖွဲ့နဲ့တင်မကပဲ မထိုးတဲ့အဖွဲ့တွေပါ ပါဝင်ဖို့လိုအပ်သည့်အတွက် ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ကြားထဲတွင် ဘုံသဘောထား ရပ်တည်ချက် နှင့် ဘုံလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ညီလာခံတစ်ရပ်ကို အမြန်ဆုံး ကျင်းပသင့်ကြောင်း ဒါဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဆင်ပြေချောမွေ့စေရန် နှင့် ရလာဒ်ကောင်းများ ရရှိစေရန် ဖြစ်သည်ဟုလည်း ပူးဇင်ကျုံး မှ ဆက်ပြောသည်။

ယနေ့ ကျင်းပပြီးစီးခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် NCA အပစ်ရပ် အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ခေါင်းဆောင် ကို KNU မှ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး၊ ဒု အဖွဲ့ခေါင်းဆောင်ကို RCSS မှ ဗိုလ်ချူပ်ကြီး ယွက်ဆစ်၊ နှင့် အဖွဲ့ဝင်များအား ABSDF မှ ရဲဘော် သံခဲ၊ CNF မှ ပူးဇင်ကျုံး ၊ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ DKBA မှ ဗိုလ်ချူပ်ကြီး စောမိုရှေး၊ KNU/KNLA-PC မှ ဒေါက်တာ နော်ကပေါထူး၊ ALP မှ ခိုင်စိုးနိုင်အောင် တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကို ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖက်များ PPST + 2 ဖြင့် ပါဝင်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရ၊ တပ်မတာ် နှင့် ခေါင်းဆောင် ၁၀ ဦးစီ နှစ်ဖက် တွေ့ဆုံဆွေးနွေးရာတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဆွေးနွေးတင်ပြခဲ့သော အချက် ၅ ချက်ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေးကိစ္စ၊ နိုင်ငံ ဆွေးနွေးမှုတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုင်ပိုင် ပြဌာန်းခွင့်၊ အမျိုးသား တန်းတူရေး၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရ်မူများ ချမှတ် နိုင်ရေး ကိစ္စ နှင့် ပြည်ထောင်စု တပ်မတော် ဆိုင်ရာ ကိစ္စ များကို ထည့်သွင်းဆွေးနွေးသွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံရေး ဆွေးနွေးမှု ပုံစံများ ရှာဖွေရေး ကိစ္စ၊ အလုပ်အဖွဲ့များ၊ ကော်မတီ များနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြားဆုံးဖြတ်ပေးနိုင်ရေးကိစ္စ အပါအဝင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ကိစ္စ များကိုလည်း ဆက်လက် ညှိနှိုင်းသွားမည်ဟု ပြောသည်။