မယ်လဦး ကရင် ဒုက္ခသည်စခန်း မိုးကြီး မြေပြို၊ တစ်ဦးသေ ၇ ဦးပျောက်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၇ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ထိုင်း မြန်မာနယ်စပ်မှ မယ်လဦး ကရင် ဒုက္ခသည်စခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခန့်က မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများ ရုတ်တရက်စီးဆင်းကာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သေပျောက်သူနဲ့ ဒဏ်ရာရသူ များ ရှိခဲ့သည်ဟု သိရသည်။

တောင်ကျရေရုတ်တရက်စီးဆင်းလာမှုကြောင့် မယ်လအူးစခန်းအတွင်းရှိ ရပ်ကွက် ၁ တွင် နေထိုင်ကြသော ဒုက္ခသည်များ ပျောက်ဆုံး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ မယ်စရီးယန်းမြို့ရှိ ကရင်ဒုက္ခသည်ကော်မတီ KRC ရုံးမှ တာဝန်ရှိသူ စောပွေဒို မှ ယခုလို ပြောသည်။

လူက ၈ ယောက် ပျောက်သွားတယ်၊ မနေ့ည တုန်းက ပျောက်သွားတယ် အခုထိ ရှာလို့မတွေ့သေးဘူး အလောင်းက တလောင်းပဲပြန်တွေ့သေးတယ်၊ ဒဏ်ရာရတာ ရှိတယ်၊ အားလုံး ၁၄ ယောက်ရှိတယ်၊ ဒါပေမယ့် ဒဏ်ရာ အပြင်းအထန်ရတဲ့လူက ဒီမှာ မယ့်စရီးယန်းမှာ ပို့လာတယ်၊ ၆ ယောက်၊ ၃ ယောက်က တော်တော်လေး နာတယ်၊ပို့လာတဲ့အထဲလေ ၆ ယောက်က ၃ ယောက်က နည်းနည်းပြင်းတယ်လို့ ပြောတယ်၊ မယ်ဟောင်ဆောင်မှာ ပို့သွားပြီး ကျနော်လည်း မသွားတွေ့ဘူး၊

ဒဏ်ရာရရှိသူ ၁၄ ယောက်ထဲမှ ဒဏ်ရာမပြင်းထန်သူများကို ဒုက္ခသည်စခန်းတွင်းရှိ ဆေးပေးခန်းတွင် ကုသမှုများပေးနေပြီး ဒဏ်ရာပြင်းထန်သည့် ၆ ယောက်ကို မယ်ဟောင်ဆောင်မြို့နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားသော်လည်း အဲ့ဒီ ၆ ယောက်ထဲမှ ၃ ဦးသည် ဒဏ်ရာပြင်းထန်းလွန်းသည့်အတွက် အသက်အန္တရယ်နှင့် စိုးရိမ်ရကြောင်း စောပွေဒို မှ ဆက်ပြောသည်။

မယ်လဦးဒုက္ခသည်စခန်းအတွင်း တောင်ကျရေရုတ်တရက်စီးဆင်းလာခဲ့မှုနှင့် ပတ်သက်၍လည်း စောပွေဒို မှ ဖြစ်ပုံကတော့ မိုးရွာတယ်၊ မိုးရွာပြီးတော့ ချောင်းဖျားကရေတွေ စုပြီး တတန်းထဲ ပြိုလာတယ်လေ အဲလို မြေရော ဘာရော ကျောက်တုံး ကျောက်ခဲတွေ ဘာတွေ ပြုတ်ကျလာတယ် အဲ့လို ချောင်းမှာရှိတဲ့ အိမ်အားလုံး က ပါသွားတယ်၊ တချို့က သဲထဲမှာ မြေထဲမှာ မြုပ်သွားတယ်၊ တချို့က ချောင်းကြီးထဲမှာ ပါသွားတယ်၊ အိမ်က ၉ လုံး၊ ဘုရားကျောင်း ၂ လုံး ၊ ပြီးတော့ NGO ရုံးက ၃ လုံး၊ ရှိသည်ဟု စောပွေဒို မှ ပြောသည်။

ယနေ့ မနက်ပိုင်းတွင် မယ်လဦးဒုက္ခသည်စခန်းတွင်းသို့ မယ်စရီယန်းမြို့ရှိ ထိုင်းအာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အစားအသောက်အကူအညီပေးရေးအဖွဲ့များ သွားရောက် ကြည့်ရှု့ကူညီခဲ့ကြသည်ဟု သိရသည်။

သို့သော် ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒုက္ခသည်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသေးသည်ဟု စောပွေဒိုမှ အခုတော့ အလောင်းကို ရှာနေစဲ ပေါ့ ကယ်ဆယ်ရေးအဖွဲ့တွေ အများကြီးသွားနေတယ်လေ အမိုးအကာတွေ အစားအစာတွေ ယူသွားပါတယ်၊ မြို့နယ် ခရိုင်အဖွဲ့ကလူတွေ၊ အရေးပေါ်လိုအပ်တာတွေရှိတယ်။ တချို့အိမ်က ဘာမှ မရှိတော့ပဲ၊ ဆန်ကနေ အဝတ်အစားတွေအထိပေါ့၊ အိုးခွက်တွေ ဘာမှ မရှိတော့ဘူး အဲ့လိုမျိုးရှိတယ်၊ လိုတယ်။ ဟု ပြောဆိုသည်။

မယ်လဦး ဒုက္ခသည်စခန်းတွင်း၌  မြေပြိုမှုဖြစ်ခြင်း၊ ကျောက်ခဲများကျလာခြင်း စသည့် အဖြစ်အပျက်များ နှစ်စဉ်ကြုံတွေရမှု ရှိခဲ့သော်လည်း အခုတစ်ကြိမ် ဖြစ်ပွားမှုမျိုး အသက်အန္တရယ်ကြုံရတဲ့အထိ ဖြစ်ပွားခဲ့မှု မရှိကြောင်းလည်း စောပွေဒို မှ ပြောသည်။

မယ်လဦးဒုက္ခသည်စခန်းသည် ထိုင်းမြန်မာနယ်စပ် မယ့်စရီယန်းမြို့အနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် ကရင်စစ်ဘေးဒုက္ခသည်များ ခိုလုံနေထိုင်ရန် ဖွင့်လှစ်ထားသည့် ဒုက္ခသည် ၁၅၀၀၀ ကျော်နေထိုင်သော ကရင်ဒုက္ခသည်စခန်းတစ်ခု ဖြစ်သည်။