နန်းမိုဟွမ် လွတ်မြောက်ရေး ဒေသခံ တစ်သောင်း ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

တရုတ်-မြန်မာနယ်စပ် နမ်ခမ်းမြို့တွင် ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဒေသခံ တစ်သောင်းနီးပါးခန့်က ဖမ်းဆီးမှု တစ်လပြည့်သည့် ယနေ့တွင် ထပ်မံဆန္ဒထုတ်ဖော်လိုက်သည်။

တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ ဖမ်းဆီးထားသည့် ရှမ်းတိုင်းရင်းသူ နန်းမို ဟွမ်အား အမြန်ဆုံးလွတ်ပေးရန် မိသားစုဝင်များ၊ နမ့်ခမ်းမှ ဒေသခံများ၊ ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ရှမ်းလူငယ်အဖွဲ့အစည်းများက စက်တင်ဘာ ၁၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

“ကျနော်တို့ တောင်းဆိုတာ အဓိကက နန်းမိုဟွမ် လွတ်မြောက်ရေးအတွက်က အဓိကပေါ့နော်၊ နောက်တစ်ခုက ဒီလို အကြမ်းဖက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး ဘယ်လက်နက်ကိုင်မှ နောက်နောင်အလားတူ မလုပ် အောင် ဆန္ဒထုတ်ဖော်ကြတာပါ။ TNLA က ဖမ်းသွားတာဆိုတော့ သူတို့အနေနဲ့လည်း အမြန်ဆုံးလွတ်ပေးနိုင် အောင်၊ ဒီပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ပြီးတော့ အလေးထားပြီးတော့ပေါ့ဗျာ” ဟု ဆန္ဒထုတ်ဖော်ရာ တွင် ပါဝင်ခဲ့သည့် လူငယ်များကွန်ရက် (နမ့်ခမ်းမြို့) မှ စိုင်းသိန်းရွှေ က ပြောသည်။

“ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အားရကျေနပ်စရာပါ၊ ဒါကို TNLA အနေနဲ့လည်း နားထောင်စေချင်တယ်။ အစက ၃၀၀၀ လောက်ပဲ မှန်းထားတာ၊ တစ်သောင်းဝန်းကျင်ပါဝင်ခဲ့တယ်” ဟု ဆက်ပြောသည်။

နန်းမိုဟွမ်အား TNLA လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့သော အကြမ်းဖက် လုပ်ရပ်အား ကန့်ကွက်ကြောင်း စိုင်းသိန်းရွှေ က ပြောသည်။

အလားတူ စက်တင်ဘာလ (၇) ရက်နေ့ကလည်း မိသားစုဝင်များနှင့် နမ့်ခမ်းဒေသခံ (၃၀၀) ကျော်တို့က နန်းမို ဟွမ်အား အမြန်ဆုံးလွတ်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့တွင် TNLA လက်နက်ကိုင်အဖွဲ့မှ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက် နေအိမ်တွင် ၎င်း၏ ကလေးငယ်အား ထမင်းကျွေးနေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ အချိန်ထိ လွှတ်ပေးခြင်းမရှိဟု မိသားစုဝင်များက ပြောသည်။

“သေနတ်နဲ့ ထောက်ပြီးခေါ်သွားကြတာ၊ အခုဆို တစ်လတောင်ရှိသွားပြီ။ ဘာမှလည်း အကြောင်းမကြားလာ ဘူး။ ဘယ်လိုနေနေလဲ ဘယ်မှာထားထားလဲ အဆက်သွယ်လည်းမရဘူး။ အခုထိ မလွတ်ပေးသေးဘူး။ အရမ်း စိုးရိမ်တယ်။ သူ့သားအငယ်ကို ထမင်းကျွေးနေတဲ့အချိန်မှာ လာဖမ်းသွားတာ။ သမီးအငယ်ကလည်း ကျောင်းက ပြန်လာချိန် မြင်လိုက်တော့ အော်ငိုနဲ့ ကလေးတွေကလည်း ညညဆို အမေပဲရှာတယ်။ အမေကိုခေါ်သွားတာ အခုထိပြန်မပို့ သေးဘူးဆိုပြီး ငိုပဲငိုနေတာ။ ကလေးတွေ စိတ်ဒဏ်ရာရသွားမှာလည်း စိုးရိမ်တယ်” ဟု အစ်မ ဖြစ်သူ နန်းမိုခမ်း က ပြောသည်။

ကလေး(၃) ယောက်မိခင် နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် အပြင်း ထန်ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား နှောက်ယှက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ် သည် ဟု တအန်းလက်နက်ကိုင်အဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် နန်းမိုဟွမ်အား PSLF/TNLA ဗဟိုတရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၃၃) ဖြင့် အမှုဖွင့်အရေးယူးထားသည်ဟု ပါရှိသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အစ်မဖြစ်သူ နန်းမိုခမ်းက “ကျမတို့ဆီမှာ ရဲဖုန်းနံပါတ်တို့၊ စစ်တပ်ဖုန်းနံပါတ်တို့ ဘာမှ မရှိဘူး။ အဆက်အသွယ်မလုပ်ဘူးလေ။ တကယ်ဆို သူတို့လာတောင်းတိုင်းလည်း အခွန်ကလည်း နှစ်တိုင်း ပေးနေတာပဲ။ ကျမညီမမှာ အပြစ်မှမရှိတာ၊ တကယ်ဖြစ်တာကလည်း မနှစ်ကဖြစ်တဲ့ဟာကိုနော်၊ အခုဒီနှစ်မှ လာဖမ်းတာ။ တကယ်ဆို ကျမညီမက ဒီကိစ္စနဲ့ ဘယ်လိုမှမဆိုင်ဘူးလေ” ဟု ဆက်ပြောသည်။

ယနေ့ကျင်းပသည့် ဆန္ဒပြ တောင်းဆိုပွဲကို နမ့်ခမ်းမြို့ရှိ နမ့်ခမ်းဆေးရုံကုန်းတောင်ခြေမှ မြို့လယ်ဘုရားထိ စီ တန်းလှည့်လည်ကာ TNLA မှ ဖမ်းဆီးထားသည့် နန်းမိုဟွမ်အား ချက်ချင်းလွှတ်၊ မတရားဆက်ကြေး ကောက် ခံခြင်းများ ချက်ချင်းရပ်၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေးစသည့် ကြွေး ကြော်သံများဖြင့် ဒေသခံ တစ်သောင်းနီးပါးခန့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

TNLA အနေဖြင့် ဒေသခံများ၏ အသံကို လေးလေးနက်နက်နားထောင်စေလိုကြောင်း၊ မည်သည့် လက်နက် ကိုင်မဆို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အဖွဲ့အစည်းများသာ ဖြစ် စေလိုကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက် အနိုင်ကျင့်မှုများ မပြုလုပ်စေလိုကြောင်း လူငယ်များကွန်ရက် (နမ့်ခမ်းမြို့) က ပြောသည်။

၎င်းတို့ ဒေသအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒေသခံ ပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုများ၊ တင်းမာမှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်သည်ဟု စိုင်းသိန်းရွှေက ဆက်ပြောသည်။

“အခုက ပြည်သူတွေက တမြို့နယ်လုံးက ဝိုင်းပြီးတော့ ဒီလိုဆန္ဒထုတ်ဖော်တယ်ဆိုတာကလည်း တဖက်နဲ့ တဖက်ကြားမှာ တင်းမာသွားအောင် လုပ်တာမဟုတ်ဘူး။ ပြည်သူတွေအချင်းချင်းလည်း စိတ်ဝမ်းမကွဲ စေ ချင်ဘူး။ အဆင်ပြေပြေနဲ့ပဲ ပြီးသွားစေချင်တာပေါ့နော်။ အဲ့ဒီ သဘောတွေကိုလည်း သိစေချင်တယ်”

အပြစ်မဲ့ပြည်သူ နန်းမိုဟွမ်အား အမြန်ဆုံးလွတ်ပေးရန်၊ အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရား ဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်မဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက စက်တင်လာလ (၁၀) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အလားတူ နန်းမိုဟွမ်အား အမြန်ဆုံးလွှတ်ပေးရေး၊ တရားမျှတမှုရရှိရေးတို့အတွက် လူငယ်များကွန်ရက် (နမ့် ခမ်းမြို့)၊ ရှမ်းလူငယ်ကွန်ရက်(TYN)၊ ရှမ်းနိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကလည်း ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ကာ တောင်းဆိုထားသည်။