တရုတ်က မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ ကွန်ကရစ် တံတိုင်းဆောက်ရန် ကြိုးပမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။
တရုတ်မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းတွင် တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ပြီး စက်တင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် မြေတူးဖော်သည့် စက်ယန္တယားများ (ဘက်ဖိုး) များဖြင့် လာရောက် တူးဖော်ပြီး သံတိုင်များ၊ ကွန်ကရစ်တံတိုင်းများ အခိုင်အမာ လာရောက်တည်ဆောက်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြန်မာဘက်ခြမ်း ပိုင်နက်အတွင်းရှိ ဖိုင်ကောင်းကျေးရွာအနီး လမ်းမကြီးပေါ်တွင် တရုတ်ဘက်ခြမ်းမှ မီတာ (၅၀) ကျော်ခန့် ကျူးကျော်လာပြီး မြေများတူးဖော်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦးက ပြောသည်။
“တရုတ်က ရဲတွေရောနော် အလုပ်သမားတွေရော အကုန်လုံး လာပြီးလုပ်တယ်။ ဘက်ဖိုးကားနဲ့တူးပြီး သံတိုင်တွေ စိုက်တယ်လေ။ ဒီနေ့ မနက်ပိုင်းပေါ့ (၉) နာရီလောက် ထင်တယ်။ ကျနော်တို့ ကြည့် နေတဲ့အချိန်မှာပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလည်း ရောက်လာတယ်။” ဟု အမည်မဖော်လိုသော ဒေသခံ တစ်ဦးက ပြောသည်။ “ပြောတာတော့ နယ်စပ်မှောင်ခိုပေါက် ပိတ်တယ်ဆိုတာမျိုးပြောတယ် ဖိုင်ကောင်းရွာနားပေါ့၊ ဒီနားမှာက ဒေသခံတွေလုပ်နေတဲ့ လယ်တွေ လည်းရှိတယ်။ ဒုက္ခသည်စခန်းလည်းရှိတယ်။ မြန်မာဘက်ခြမ်းကိုဝင်ပြီးမှ တရုတ်တွေက လုပ်နေတာ” ဟု သူက ဆက်ပြောသည်။
အဆိုပါနေရာသည် (၁၉၉၃) ခုနှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တည်ဆောက်ထားသည့် နယ်ခြားမှတ်တိုင်မှ မြန်မာနိုင်ငံဘက်ခြမ်း အတွင်းသို့ မီတာ (၅၀) ကျော်ခန့် ကျူးကျော်လာခြင်း ဖြစ်သည်ဟု ပြောသည်။
“အခုလာလုပ်တဲ့နေရာက မြန်မာအစိုးရကိုယ်တိုင်က လယ်မြေပြေစာလား အဲ့လိုမျိုးစာရွက်စာတမ်းထုတ်ပေးထားတဲ့ နေရာဖြစ်တယ်။ မြန်မာဘက်က အစိုးရတာဝန်ရှိတဲ့လူတွေ၊ ပန်ဆိုင်းမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူး၊ ဖိုင်ကောင်းက အုပ်ချုပ်ရေးမှူးရော အားလုံးရောက်ပြီး တရုတ်ဘက်ကပဲ တိုင်းပြီး ဒီလိုမျိုးပိတ်မယ်ဆိုရင် အကြောင်းမကြားပဲလုပ်တာမျိုးဆိုရင် မလုပ်သင့်ဘူး။ နှစ်ဘက်လုံးက သေချာတိုင်းပြီး ညှိနှိုင်းပြီးမှ လုပ်သင့်တယ်။ အဲ့လိုလာပြောပြီး သိပ်မကြာဘူး အခုတော့ ရပ်ထားတယ်။ ပစ္စည်းတွေတော့ ရှိနေသေးတယ်” ဟု ဒေသခံက ဆက်ပြောသည်။
ဖိုင်းကောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “သူတို့ပြောတာတော့ မှောင်ခိုလမ်းကို ပိတ်ချင်လို့လို့ပြောတာပဲ။ ဒါ ပေမယ့် ကြည့်ရမယ်ဆိုရင် ကျနော်တို့ မြန်မာဘက်ခြမ်းကို အများကြီးဝင်လာပြီးတော့ လာပိတ်တာ။ အဲ့ဒါ ကြောင့် အခုက ပန်ဆိုင်း အုပ်ချုပ်ရေးမှူးဆီကို စာပို့ထားကြတယ်။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့။ အရင် အချိန်တွေ တုန်းကလည်း ဒီလိုပြဿနာတွေ မကြာမကြာဖြစ်တယ်။ မနှစ်ကလည်းဖြစ်တယ်။ အထက်က လူကြီးတွေမှာ အဆက်ဆက် မှားခဲ့တာလား ဘာလားတော့မသိဘူး။ ဒီမြေတွေက အရင်ကတည်းက ကျနော်တု့ိ ရွာသားတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေပါ” ဟု ပြောသည်။
ယခုဖြစ်စဉ်တွင် မြန်မာဘက်ခြမ်းမှ မြို့နယ်အုပ်ချုုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်များအား တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖိုင်ကောင်းကျေးရွာမှ ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်း ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲအတွင်းရှိ ဖိုင်ကောင်းကျေးရွာတွင် ကချင်နှင့် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး အိမ်ခြေ (၆၀) ကျော်ရှိကာ လူဦးရေ ငါးရာကျော်ခန့် နေထိုင်သည်။