ABSDF – အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ သွားမည်
သတင်းနှင့်မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
အင်အားစု အားလုံးပါဝင်သည့် နိုင်ငံရေး စားပွဲဝိုင်းမှတဆင့် နိုင်ငံရေး ပြသနာများ ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွား မည်ဟု ဒီကနေ့ ကျင်းပပြီးစီးသွားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဧကါဒသမအကြိမ် ညီလာခံမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု ပြန်လည်ရွေးချယ်ခံရသည့် ဒုဥက္ကဋ္ဌ မျိုးဝင်း မှ ပြောသည်။
စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ABSDF ဗဟိုဌာနချူပ် ဒေါင်းတမာန်စခန်းတွင် ၅ ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ မူလ ချမှတ်ခဲ့သည့် မူဝါဒ လမ်းစဉ် များအတိုင်း ဆက်လက်ကိုင်စွဲ၍ နိုင်ငံရေးပြသနာများ ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားရန် ဆုံးဖြတ်ကြကြောင်း မကဒတ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း မှ ပြောသည်။
အဲ့ဒါတော့ ငြိမ်းချမ်းရေး ရရှိဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့ အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ရယ် ပြီးတော့မှ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံနိုင်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက် ရေး အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ပေါ့ ၊ အဲ့ဒီ နိုင်ငံရေး လုပ်ငန်းစဉ် သုံးရပ် အောက်မှာ လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အခြေအနေ အောက်မှာ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကြိုးစားဆောင်ရွက်သွားဖို့အတွက်ကို ဆုံးဖြတ်ခဲ့တယ်။
ABSDF မကဒတ အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဒသမအကြိမ်မြောက် ညီလာခံတွင် ချမှတ်ခဲ့သည့် 2008 ဖွဲ့စည်း ပုံ အခြေခံဥပဒေကိုနည်းလမ်းပေါင်းစုံဖြင့်တိုက်ဖျက်သွားမည်ဟု ချမှတ်ထားသော်လည်း ABSDF ဗဟိုကော်မတီဝင် ဆလိုင်းယောအောင် က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းသွားမည်ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို ဒီနေ့ တိုင်းပြည်နဲ့ ကြည့်မယ်ဆိုရင် ဒါအရှိတရားဖြစ်တယ်၊ ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးကို အခြေခံပြီးတော့ ကျနော်တို့က ဒီနေ့ ပြောမယ်ဆိုရင် လွတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက် တာပဲ ဖြစ်ပါတယ်၊ ဆိုတော့ ကျနော်တို့ NCA ထဲမှာလည်း ကျနော်တို့က အခိုင်အမာ ရေးထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲကမှ တဆင့် ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ နဲ့ ကျန်တဲ့ ဥပဒေတွေ ပြင်ဆင်သွားဖို့ဆိုတာ အထိပါ။ ဟု ပြောသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း တွေ့ဆုံဆွေး နွေးရေး လမ်းကြောင်းပေါ်တွင် စီစဉ်ဆောင်ရွက်သွားရန် သတ်မှတ်ချက်များ ချမှတ်နိုင်ခဲ့သည် ဟုလည်း မကဒတက ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိတယ်ဆိုတာ နားလည်တယ် အဲ့ဒီ အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ဒီအခက်အခဲ စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့အတွက် စိုးရိမ်တာပေါ့၊ ဒီ တပ်မတော် ၊ အစိုးရ နဲ့ EAO ကြားထဲမှာ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီးမှ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်ဆိုတဲ့ဟာ သဘောထား အမြင်ရှိတယ်၊ ဟု ဒုတိယ ဥက္ကဌ မျိုးဝင်းက ပြောသည်။ ယနေ့ကာလ နိုင်ငံရေးအခြေအနေတွေကို အဖြေရှာတဲ့နေရရာမှာတော့ တဖွဲ့ချင်းစီ အကျိုးစီးပွားတွေ ကြည့်မှာဖြစ်သလို ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွား ကိုလည်း ကြည့်ရှု့ရမှာဖြစ်တဲ့အတွက် ဒီလိူမျိုး တူမယ်ဆိုရင်တော့ ဒီလိုပြသနာ ဖြေရှင်းတဲ့နေရာမှာ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ အခြေအနေပေါ့။
ယနေ့ ပြီးဆုံးသွားသည့် ညီလာခံ နောက်ဆုံးနေ့တွင် ဗဟိုကော်မတီဝင် ၂၅ ဦးကို ပြန်လည်ရွေးချယ် တင်မြောက်ခဲ့ရာ မူလ ထိပ်ပိုင်း ခေါင်းဆောင်များပင် ပြန်လည် အရွေးချယ် ခံကြရသည်။ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း နှင့် အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ အပါအဝင် ဗဟိုဦးဆောင်ကော်မတီဝင် ၉ ဦးကို ထပ်မံရွေးချယ်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။