မူဆယ်မြို့နယ်အတွင်း တပ်မတော်က အိမ်ထောင်စုစာရင်းများ စစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အိမ်ထောင်စု စာရင်းများကို တပ်မတော်က စစ်ဆေးမှုများ ပြုလုပ်လာသည့်အတွက် စိုးရိမ်ကြောက်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။
“ဒေသခံတွေကတော့ စစ်သားတွေဆိုတော့ သူတို့ကကြောက်တာပေါ့။ စိုးရိမ်မှုတော့ ရှိတယ် တစ်ချို့ဆိုရင် အပြင်တောင် မထွက်ရဲပဲနဲ့ ကြောက်တဲ့လူလည်း ရှိတယ်လေနော။ တစ်ချို့ရွာသားတွေက ဘာမှနားမလည်ကြ ဘူးလေ။ စစ်သားဆိုတာနဲ့သူတို့က ကြောက်ဖို့ပဲသိတာ အဲဒါကြောင့်မို့လို့ တစ်ချို့က ကြောက်နေကြတာ။” ဟု အမည်မဖော်လိုသူ နမ့်အွမ်ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့ (ယနေ့) နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အမည်မဖော်လိုသူ နမ့်အွမ်ရွာသားက ဆက်ပြောသည်။
“ကျနော်တို့ မနက်ဆယ်အိမ်ခေါင်းတွေ သူတို့လာခေါ်တာကျတော့ အိမ်ထောင်စုနဲ့ အိမ်ကရှိတဲ့ မိသားစုအားလုံး က ရွာသူကြီးပေါ့ ဥက္ကဋ္ဌ အိမ်ဘေးက ဈေးမှာ အားလုံးစုနေရမယ်ဆိုပြီးမှ ဒီမနက် ၅ နာရီခွဲမှာ သူတို့က တစ်အိမ် ဝင်တစ်အိမ်ထွက် အဲလိုမျိုး လိုက်ပြောတာပေါ့။ စစ်ဆေးမှုတော့ ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ အမှန်တကယ်အကြောင်းပြချက် တစ်ခုခုပြောပြီးမှ ကောက်ရမှာပေါ့နော အကြောင်းပြချက်ဘာမှတော့ မပေးဘူး သူတို့က ကောက်တာက မနက် ၆ နာရီလောက်ကနေ ၁၂ နာရီလောက် အထိ ကောက်တာပဲ”
မကြာမီ ရက်ပိုင်းအတွင်းက အစိုးရ တပ်မတော်နဲ့ တအာန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ မူဆယ်မြို့နယ်အတွင်း ကောင်းခါးကျေးရွာ နဲ့ နမ့်အွမ်ကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယခုကဲ့သို့ တပ်မတော်မှ အိမ်ထောင်စုစာရင်းများကို စစ်ဆေးမှု ပြုလုပ်လာခဲ့ခြင်းလည်း ဖြစ်သည်။
တပ်မတော်မှ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေ တိုက်ကာ စစ်ဆေးပြီးနောက်တွင်မူ ကန့်သတ်ပိတ်ပင်မှု တစ်စုံတစ်ရာမရှိပဲ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုခဲ့သည်ဟု ၎င်း နမ့်အွမ်ဒေသခံ က ပြောသည်။
နမ့်အွမ် ဒေသခံများ၏ အိမ်ထောင်စု စာရင်းများကို စစ်ဆေးခဲ့မှု ပြုလုပ်ခဲ့သည့် တပ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညဲအခြေစိုက်နဲ့ လားရှိုးအခြေစိုက် နမ့်ပေါင်တပ်စခန်းမှ နယ်မြေခံတပ်များ ပူးပေါင်းအဖွဲ့က ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အစိုးရတပ်မတော်မှ အိမ်ထောင်စုစာရင်းများတိုက်စစ်သည့်အပေါ် ဒေသခံများက စိုးရိမ်ကြောင်း ပြောကြသည်။
“ကျနော်တို့ အမြင်ကျတော့ တကယ်ဆိုသန်းခေါင်စာရင်းစစ်တာက လဝကရဲ့ အလုပ်ပါ အခုကဟာက စစ်တပ် ကနေ အဲလိုမျိုး လုပ်တယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီဥပဒေက စစ်တပ်သူလုပ်ချင်သလိုလုပ် လို့ရတဲ့ အပိုင်းမှာဖြစ်နေတယ်ပေါ့နော ကျနော်တို့က အဲလိုပဲ တွေးမိတယ်ပေါ့နော” ဟုပြောသည်။
နမ့်အွမ်ကျေးရွာရှိ ဒေသခံများနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပတ်သက်မှု ရှိ မရှိ သိရှိရန်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ကျေးရွာအတွင်း ရှိ၊ မရှိကို သိရှိနိုင်ရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်သည် ဒေသခံများက သုံးသပ်ပြောဆိုသည်။
ယခုကဲ့သို့ အိမ်ထောင်စု စာရင်းကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ လဝက မှ စစ်ဆေးခြင်း မဟုတ်ပဲ တပ်မတော်မှ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် တစ်စုံတစ်ရာ မှားယွင်းမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်aကြာက်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။