နန်းမိုဟွမ်အား TNLA က ထောင်ဒဏ် ၃ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ ဖမ်းဆီးထားသည့် ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်အား ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည် ဟု PSLF/ TNLA က ပြောသည်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီရာဇသတ်ကြီးပုဒ်မ ၃၃၃ နဲ့ပေါ့နော် ပြီးခဲ့တဲ့ ၅ ရက် ညနေမှာ ထောင်ဒဏ် သုံး နှစ်ချလိုက်တာ” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ ရှမ်းတိုင်းရင်းသူ ကလေးသုံးဦး မိခင် နန်းမိုဟွမ်အား နေအိမ်တွင် ကလေးငယ်အား ထမင်းကျွေးနေစဉ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သြဂုတ်လ ၁၇ ရက်နေ့ က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

TNLA အကောက်ခွန်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန်ထိခိုက်သေဆုံးသည်အထိ တာဝန် ဝတ္တရား နှောက်ယှက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး နန်းမိုဟွမ်အား PSLF/TNLA ဗဟိုတရားရုံး တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၃၃) ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့ အဖွဲ့ကျင့်သုံးနေတဲ့ ဥပဒေဖြစ်တယ်။ ကျနော်တို့ရဲ့ ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေတဲ့ ဝန် ထမ်းတစ်ဦးကို အပြင်းအထန်နာကျင်စေမှု ဖြစ်တယ်။ သူကျူးလွန်တာလည်း ကျနော်တို့ ဝန်ထမ်းတစ်ဦးကို အပြင်းအထန်နာကျင်စေပြီးမှ တစ်ဦးက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာပေ့ါနော်။”

ဒေသခံ သတင်းများအရ ရံပုံငွေ ကောက်ခံသော TNLA အဖွဲ့ဝင်များ နန်းမိုဟွမ်၏ ဆိုင်မှ ပြန်အထွက်တွင် လုံခြုံ ရေး တပ်ဖွဲ့ များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

စီရင်ချက်ချသည့် အောက်တိုဘာလ (၅) ရက်နေ့တွင် နန်းမိုဟွမ်၏ မိသားစုဝင် ၄ ဦး တရားရုံးတွင် လာရောက် နားထောင်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။

မိသားစုဝင်များကို သတင်းနှင့် မီဒီယာကွန်ရက်က အဆက်အသွယ်မရခဲ့ပါ။

နန်းမိုဟွမ်၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းနှင့် နောက်နောင်တွင်လည်း ထောင်ဝင်စာ တွေ့ခွင့်ပေးထားသည်ဟု ပြောသည်။

ပြစ်ဒဏ်ချမှတ်သည့်အပေါ် အယူခံဝင်ခွင့်ရှိမရှိ ကိုမူ အသေး စိတ်မသိရသေးဘူးဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ယခုလက်ရှိအချိန်ကာလသည် တော်လှန်ရေး ကာလဖြစ်သည့်အတွက် နန်းမိုဟွမ်အား မည်သည့်နေရာတွင် တရားစီရင်ခြင်းနှင့် ချုပ်နှောင်ထားခြင်းကို ပြောဆိုရန် ခက်ခဲကြောင်း PSLF/TNLA က ပြောသည်။

အပြစ်မဲ့ပြည်သူ နန်းမိုဟွမ်အား အမြန်ဆုံးလွတ်ပေးရန်၊ အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်မဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက စက်တင်လာလ (၁၀) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အလားတူ နန်းမိုဟွမ်အား အမြန်ဆုံးလွှတ်ပေးရေး၊ တရားမျှတမှုရရှိရေးတို့အတွက် လူငယ်များကွန်ရက် (နမ့် ခမ်းမြို့)၊ ရှမ်းလူငယ်ကွန်ရက်(TYN)၊ ရှမ်းနိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ကလည်း ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ကာ တောင်းဆိုထားသည်။