ရှမ်းမြောက်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ်အတွင်း မြန်မာတပ်မတော်နှင့် မြောက်ပိုင်း စစ်မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများ သုံးရက်ဆက်တိုက်ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြောသည်။

မတ်လ ၂၆ ရက်နေ့တွင် တစ်ကြိမ်၊ ၂၇ ရက်နေ့တွင် နှစ်ကြိမ်၊ ၂၈ ရက်နေ့တွင် နံနက်ပိုင်း ၇ နာရီခွဲခန့်မှ ၁၁ ခန့်အထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“ဒီနေ့ ၂၈ ရက်နေ့လည်း ပြန်ဖြစ် တယ်။ မြန်မာ့တပ်မတော်နဲ့ပေါ့နော်။ ဖြစ်တဲ့နေရာက နမ္မတူမြို့နယ်ထဲက မိုင်းမုရွာအထက်ဘက်မှာ ဖြစ်တာ။ တိုက်ပွဲဖြစ်တော့ ၂၆ ရက်နေ့ကျတော့ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း နှစ်ရင်းက ထိုးတက်လာတယ်၊ အဲ့နေ့ကနေစပြီးမှ တိုက်ပွဲဖြစ်တယ်။ မနေ့ကတော့ နှစ်ကြိမ်ဖြစ်တယ်၊ မနက်တစ် ကြိမ် ညနေဘက်တစ်ကြိမ်၊ နောက်တစ်ကြိမ် မြန်မာ့တပ်မတော်က စစ်ကြောင်းပြန်တက်လာတယ်။ တက်လာ တော့ တိုက်ပွဲကလည်း နည်းနည်းပြင်းထန် လာတော့ ၉ နာရီခွဲလောက်မှာ ရဟတ်ယာဉ်နှစ်စင်းနဲ့ လာပစ်ကူပေးတယ်။ ပြီးတော့ နမ္မတူတပ် ခမရ ၃၂၄ ကလည်း လှမ်း ပြီးမှ လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်ကူပေးတယ်။”

မတ်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အနီးရှိကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် လူနေအိမ် တချို့မီးလောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်၊ မိုင်းမုရွာဘက်သို့ မြန်မာ့တပ်မတော်မှ မြေပြင်ထိုးစစ်များနှင့်အတူ ဝေဟင်ထိုးစစ်များအသုံးပြုပြီး ပစ်ကူခဲ့သည်ဟု ပြောသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “ပန်သေပြေတို့၊ နမ့်တောင်ကုန်းတို့၊ မိုင်းမုဘက်တို့ အကုန်လုံးကိုပတ်ပတ်လည် ပစ်ခတ်တယ်။ ကျနော်တို့ရှိတဲ့ ဘက်ရော မရှိတဲ့ဘက်ရောပေါ့၊ အဲ့တော့ ရွာထဲက အိမ်တချို့ လက်နက်ကြီးကျပြီး မီးလောင်သွားတယ်။ ရွာသားတွေလည်း တော်တော်လေး ထွက်ပြေးနေရတယ်လို့သိထားတယ်။ အသေးစိတ် တော့ မသိရသေးဘူး” ဟု ဆက်ပြောသည်။

နမ္မတူဒေသခံတစ်ဦးက “တိုက်ပွဲက မိုင်းမုဘက်မှာဖြစ်နေတာ။ ရွာသားတချို့လည်း ဘုန်းကြီးကျောင်းတွေကို ရောက်နေပြီတဲ့၊၊ မနေ့ကဆိုရင် အိမ်နှစ်လုံးမီးလောင်သွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲအခြေအနေများဖြင့် ပတ်သက် ၍ မြန်မာ့တပ်မတော်ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်တိုင်း ၅ တိုင်းတွင် ၄ လကြာ အပစ်ရပ်ထားမည်ဟု မြန်မာ့တပ်မတော်မှ ကြေညာထားသော်လည်း PSLF/TNLA၊ SSPP ပူးပေါင်းတပ်များနှင့် တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

“သူတို့ တိုင်း ၅ တိုင်းမှာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ချက်ကြေညာပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ဘက်မှာ ကျနော်တို့နဲ့ ဖြစ်တာတော့ ၁၄ ကြိမ်လောက်တော့ ရှိပြီ။ တလောက တွေ့ဆုံပြီးနောက်မှာတော့ ၂၆ ၂၇ ၂၉ ပေါ့ သုံးရက်ဆက်တိုက်ပြန်ဖြစ်တာ။”

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် မြောက်ပိုင်းအဖွဲ့များ၏ မတ်လ ၂၁ ရက်နေ့က တွေ့ဆုံမှုအပြီး လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋ္ဋိက္ခများလျှော့ချနိုင်ရေး ဆက်လက်ညှိနှိုင်းကြိုးပမ်းသွားမယ်ဟု သဘောတူခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ် သည်။

“အဓိကတော့ သူတို့ဘက်က ထိုးစစ်များတော့ တိုက်ပွဲက ဖြစ်တယ်။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း လက်ခံထားတာပေါ့နော်။ တွေ့ဆုံဆွေးနွေးမှုရှိနေချိန်မှာတော့ တိုက်ပွဲက လျှော့သင့်တယ်။ အဲ့ဒါမှ တွေ့ဆုံတဲ့အချိန်မှာ ပိုအဆင်ပြေတာပေါ့။ တိုက်ပွဲဆက်ဖြစ်နေရင်တော့ အဖုအထစ်ဖြစ်နေမှာ၊ တွေ့ဆုံမှုကို အဟန့်အထားဖြစ်စေတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ ပိုမိုအဆင်ပြေနိုင်ရန် အစည်းအဝေးတွင် ဆွေးနွေးထားသည့်အတိုင်း တိုက်ပွဲများ အမှန်တကယ်လျှော့ချနိုင်ရေး အလေးထားသင့်သည်ဟု ပြောသည်။