AA အပေါ် စစ်ရေး အရှိန်လျော့ရန် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့က မြန်မာ့တပ်မတော်အား သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA အား စစ်ရေးအရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်များကို လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ကြေငြာလိုက်သည်။
ဧပြီလ ၂၄ ရက်နေ့ ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် “ဤထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်ပြီးသည့် နောက်တွင်လည်း မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်တော်အား ထိုးစစ်အရှိန်အဟုန်မြှင့်ဖြင့် ဆက်လက် ပြုလုပ်နေမည်ဆိုပါက မိမိတို့ စစ်ရေးမဟာမိတ် ညီနောင်သုံးဖွဲ့ အနေဖြင့်လည်း မဟာမိတ်ပီသစွာဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မလွဲမရှောင်သာ လုပ်ဆောင်သွားရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါ သည်” ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
ထို့အပြင် တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA အား အင်အားအလွန်အကျွံ သုံးကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့် ရခိုင်ပြည်သူလူထု အရပ်သား ပစ်မှတ်များကို တိုက်ခိုက်နေခြင်းအား ချွင်းချက်မရှိ ချက်ချင်း ရပ်တန့့်ပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။
ဧပြီလ ၂၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဘက်အဖွဲ့က ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ကြားက တိုက်ပွဲများကြောင့် အရပ်သား ပြည်သူများ အသက်ဆုံးရှုံးရခြင်း၊ ရှေဟောင်းအမွေအနှစ် စေတီပုထိုးတော်များ ပျက်ဆီးခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ ဖမ်းဆီးစစ်ဆေးခံနေရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံမှုအမျိုးမျိုးနှင့် ကြုံနေရခြင်းများ ကြောင့် အမြန်ဆုံးရပ်တန့်ပေးရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ခန့်ပါဝင်သည့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဘက်အဖွဲ့ က ဒေါ်ညိုအေးက “ဒီတစ်ရက် နှစ်ရက်အတွင်းမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ အထူးသဖြင့် ဘူးသီး တောင်ရဲ့ အထက်ဘက်မှာ နေ့တိုင်းဖြစ်နေတယ်။ နောက်ပြီး မြောက်ဦးမှာလည်း ညဘက်ဆိုရင် တိုက်ပွဲဖြစ်တာ မဟုတ်ပဲနဲ့ အမြှောက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်။ နေ့တိုင်းလိုလိုပဲ အမြှောက်တွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်။ အပြင်သွားတာမျိုးမဟုတ်ပဲနဲ့ အိမ်မှာနေပြီး အမျိုးသမီးတွေ ဗုံးစမှန် တာတွေလည်းရှိတယ်။ ယောက်ကျားလေးတွေဆိုရင် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ တော်တော်များများရှိတယ်” ဟု ပြောသည်။
မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MN DAA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF /TNLA) တို့သည့် ပြီးခဲ့သည့် ဧပြီလ ၂၀၊ ၂၁ ရက်နေ့တွင် ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ ပကတိအခြေအနေများ၊ လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေများ၊ ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ် အမြစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများအပါအဝင် အခြားသောအကြောင်းအရာများကို အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အချို့ကိုလည်းချမှတ်နိုင်ခဲ့ကြပါသည်ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့ က ဆိုသည်။
တပ်မတော်၏ ၄ လကြာ တဘက်သတ်အပစ်ရပ်မှုနဲ့ ပတ်သက်ပြီး “လက်ရှိဖြစ်ပွားနေသော အခြေအနေများအရ မြန်မာ့တပ်မတော်၏ ၄ လကျော်ကြာ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲခြင်းသည် မြန်မာ့တပ်မတော်၏ စစ်အင်အားများကို စုစည်းပြီး ရက္ခိုင့်တပ်မတော်အား အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ရန်သာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ထို့အပြင် မြန်မာပြည်မြောက်ပိုင်း ဒေသ၌လည်း စစ်ရပ်စဲ ထားသည်ဟု ဆိုသော်ငြားလည်း မြန်မာ့တပ်မတော်မှ စစ်ရေးပြင် ဆင်လှုပ်ရှား နေမှုများကြောင့် တိုက်ပွဲများ ရံဖန်ရံခါ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ပါသည်” ဟု မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့က သုံးသပ်ထားသည်။
ထို့အပြင် ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ် ၄ ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ၎င်းဆွေးနွေးမှုနောက်ပိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန် လိုသည်ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့က ပြောသည်။
“၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ အပစ်အခတ်ရပ်စဲခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကြေညာဘဲ ယခင်နည်းတူ ရခိုင်ဒေသတစ်ခုတည်းအား ထပ်မံချန်လှပ်ခဲ့မည်ဆိုပါက စစ်ရပ်စဲရေး ကဏ္ဍတွင် မြန်မာ့တပ်မတော်အနေဖြင့် မှန်ကန်သော စိတ်ဆန္ဒမရှိဟု ကောက်ချက်ချ၍ ရနိုင်ပါ သည်” ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
မြောက်ပိုင်း စစ်ရေး မာဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း လက်ရှိပဋိပက္ခများကို စိတ်ရင်းစေတနာမှန်ဖြင့် အထူးအလေးထားက အမြန်ဆုံးဖြေရှင်းပေးကြစေလိုကြောင်း၊ ၎င်းတို့ မဟာမိတ် ၃ ဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်လျင်မြန်စွာ ဖော်ဆောင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြားဝင်စေ့စပ်ပေးပါရန်လည်း အလေးအနက်တောင်းဆိုအပ်ပါသည်ဟု ပါရှိသည်။
ထို့အပြင် FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန်ကိုလည်း ၎င်းတို့ ၃ ဖွဲ့အနေဖြင့် အဆင်သင့်ရှိသည်ဟု ဆိုသည်။
မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာနိုင်ငံ အမျိုးသားများ ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA/ ကိုးကန့်တပ်ဖွဲ့) တို့ ပါဝင်ပြီး ၎င်းတို့သည် “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်လည်းဖြစ်သည်။