သိန်းပေါင်း သုံးသောင်းကျော် လေလံစုမဲကိစ္စ အပြန်အလှန် အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်။
မွန်ပြည်နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းလေလံစုမဲကိစ္စအပေါ် လေလံစုမဲ လုပ်ကိုင်သူကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသကဲ့သို့ လေလံစုမဲလုပ်ကိုင်သူများကလည်း ပစ္စည်းပျက်စီးမှုများနှင့် ပစ္စည်းများ လုယက်ခံရခြင်းတို့အတွက် လူအုပ်နှင့် တိုက်ခိုက်သူများကို အမှုပြန်ဖွင့်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
လေလံစုမဲလုပ်ကိုင်သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာတို့ လင်မယားနှစ်ယောက်ကို လေလံစုမဲ ထည့်သည့် အစုအဖွဲ့တို့က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀၊ ၄၀၆ ဖြင့် အမှုတွဲ ၂၇ မှုနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ) ဖြင့် အမှုတွဲ ၃ မှု ဖွင့်ထားခြင်းဖြစ်သည်ဟု ရဲမှူးမြင့်ဝင်းက ပြောသည်။
၎င်းတို့အား ရေးမြို့မ ရဲစခန်းတွင် ချုပ်ထားသည်ဟု ပြောသည်။
“လင်မယားနှစ်ယောက်ကို ဖွင့်ထားတဲ့အမှုက ၄၂၀၊ ၄၀၆ နဲ့က ၂၇ မှု၊ ပုဒ်မ ၆၆(ဂ) နဲ့က ၃ မှု၊ အမှုတွေက တွဲပြီး ဖွင့်ထားတယ်၊ မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကိုတော့ ရေးမြို့ မရဲစခန်းမှာ ချုပ်ထားပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။
ဥပဒေပုဒ်မ ၄၂၀၊ ၄၀၆ ဖြင့် အမှုဖွင့်ထားသည့် အမှုတွဲ ၂၇ မှုတွင် စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၁၀၀၀ (သုံး သောင်းတစ်ထောင်) ကျော်ရှိပြီး ဥပဒေ ပုဒ်မ ၆၆(ဂ) ဖြင့် အမှုဖွင့်ထားသည့် အမှုတွဲ ၃ မှုတွင် ငွေကျပ်သိန်း ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိစာရင်းအရ သိရသည်။
လေလံမဲလုပ်သူ မခိုင်ယဉ်မွန်မှလည်း ၎င်း၏နေအိမ်နှင့် မိဘဆွေမျိုးနေအိမ်များအား ဖျက်စီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း ခံရသဖြင့် ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှုတွဲ ၃ မှုဖွင့်ထားပြီး မခိုင်ယဉ်မွန်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးကလည်း ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှု ၁ မှု ဖွင့်ထားသည်။
“မခိုင်ယဉ်မွန်ကနေ ပြန်ဖွင့်ထားတဲ့အမှုရှိတယ် သူ့အိမ်တွေ သူ့အမျိုးအိမ်တွေ ဝင်ဖျက်စီးတာ ဝင်လုတာတွေရှိ တယ်၊ တရားခံတွေကို လောလောဆယ်စိစစ်နေတယ် ဖမ်းတဲ့ဟာတွေလည်း ဖမ်းထားတယ်” ဟု ရဲမှူး (ဦးစီး) က ဆက်ပြောသည်။
မခိုင်ယဉ်မွန် အမှုဖွင့်ထားသည့် အမှုတွဲ ၃ မှုတွင် ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ရှိပြီး ၎င်း၏ဆွေမျိုးတော်စပ် သူ အမျိုးသမီး ဖွင့်ထားသည့် အမှု ၁ မှုတွင် ငွေကျပ်သိန်းပေါင်း ၂၅၀၀ ကျော်ရှိသည်။
လမိုင်းမြို့ တွင် အိုင်လိုင်း လေလံစုမဲလုပ်ကိုင်သူ မခိုင်ယဉ်မွန်နှင့် မငြိမ်းချမ်းဆိုပြီး ၂ ဦးရှိပြီး မငြိမ်းချမ်းဆိုသူက စုမဲငွေများကို ရာခိုင်နှုန်းနှင့် အလှည့်ကျထုတ်ပေးနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“မငြိမ်းချမ်းကတော့ ထုတ်ပေးနေတယ် ရာခိုင်နှုန်းနဲ့ ထုတ်ပေးနေတယ်၊ အလှည့်ကျပေါ့ သူကျတော့ ပြဿနာ မဖြစ်ဘူး၊ ခိုင်ယဉ်မွန်ကကျတော့ တစ်ယောက်မှမရဘူး၊ ပြဿနာဖြစ်တာ သူ အခု အမှုဖွင့်ထားကြတယ်” ဟု လမိုင်းမြို့ မှ လေလံစုမဲထည့်ဝင်ထားသူတစ်ဦး က ပြောသည်။
လမိုင်းမြို့ တွင် မေလ ၂၁ ရက်က ငွေစုလေလံမဲလုပ်ကိုင်သူတစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်မှ ငွေများထုတ်ပေး ရ မည်ကို ထုတ်မပေးနိုင်သည်ကစပြီး လူစုလူဝေးဖြစ်လာကာ မေလ ၂၂ ရက်နေ့တွင် ငွေစုလုပ်ကိုင်သူ မခိုင်ယဉ် မွန်တို့ လင်မယားနှစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်ကြသည့်အပြင် အိမ်ကို ဝင်ရောက်လုယက်ဖျက်စီးသည်အထိ လုပ်ဆောင်လာသည့်အတွက် ရဲတပ်ဖွဲ့ကပါ လုံခြုံရေး ယူထားရသည်။
လက်ရှိတွင် လမိုင်းမြို့ အခြေအနေ တည်ငြိမ်းနေသော်လည်း လူစုလူဝေးမှု လူအုံကြွမှု ပြန်ဖြစ်လာမည် ကိုစိုးရိမ်သည့်အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားရဆဲဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကလည်း အဆိုပါ ငွေကြေးကိစ္စနှင့် ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်လုပ်ခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်လာခဲ့မည်ဆိုပါက မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။