မွန်ပြည်နယ်တွင် ၅ လအတွင်း သွေးလွန်တုတ်ကွေးကြောင့် ၂ ဦးသေဆုံး၊ ၃၆၀ ကျော်ရောဂါဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
၅ လကျော်အတွင်း မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၃၆၀ ဦးကျော်ရှိပြီး သေဆုံးသူ ၂ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့ထိ စာရင်းအရ ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ် တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၆၅ ဦးရှိပြီး သေဆုံးသူ ကလေး ၂ ဦး ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
“မနှစ် ဒီလိုအချိန်မှာလောက် ဒီနှစ်မှာတော့ မများသေးဘူး ဒါပေမယ့် ပြီးခဲ့တဲ့လ (မေလ) ကနေစပြီးတော့ တော် တော်တက်လာနေတယ်၊ မနှစ်က ဒီအချိန်ဆို ၅၀၀ ကျော်ရှိတယ်၊ ၁ ဦးသေတယ်၊ အခု သေတဲ့ ၂ ဦးကလည်း ဘာကြောင့်ဖြစ်ရတာလဲဆိုပြီး ပြန်ကြည့်တော့ ဖျားပြီး ၄/၅ ရက်လောက်မှ ဆေးရုံရောက်လာတယ် နောက်ကျ သွားတယ်” ဟု ဒေါက်တာစည်သူရဲနောင် က ပြောသည်။
ယခုနှစ်တွင် မော်လမြိုင်မြို့ နယ်၊ မုဒုံမြို့ နယ်နှင့် ကျိုက်မရောမြို့ နယ်တို့တွင် သိသိသာသာ ရောဂါအဖြစ်များနေသည့်အနေအထားရှိပြီး သွေးလွန်တုပ်ကွေးအဖြစ်များသည့် အသက်အရွယ်သည် အသက် ၅ နှစ်မှ ၉ နှစ် အရွယ်အကြား ကလေးငယ်များဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။
“သွေးလွန်တုပ်ကွေးက ခလေးတွေမှာအဖြစ်များတယ်၊ တချို့ ဆို အသက်သေဆုံးတဲ့ထိဖြစ်သွားတယ် ဒါက လည်း အချိန်မီဆေးမကုသနိုင်တာကြောင့်လဲဖြစ်တယ်၊ ဆေးခန်းလာပြတယ် တုပ်ကွေးဆိုရင် ဆေးရုံတက်ခိုင်းလိုက်တာပဲ၊ ဒီနှစ်လည်း အဖြစ်များပါတယ်” ဟု မုဒုံတွင် ဆေးခန်းဖွင့်ထားသည့်ဆရာဝန်တစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး အထူးသဖြင့် ကျောင်းဖွင့်သည့်ရာသီ ဇွန်လ၊ ဇူလိုင် လ တို့တွင် အဖြစ်များတတ်သည့် သဘောရှိသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပြည်နယ်ကျန်းမာရေးဌာအနေဖြင့်လည်း မိုးတွင်းကာလတွင်ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် ပညာပေးလုပ်ငန်းများ၊ မြို့ နယ်ကျန်းမာရေးဌာတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိ သည်။
အထူးသဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း ပြည်သူလူထုပါဝင်မှုရှိမှသာ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
၂၀၁၈ ခုနှစ်အတွင်းက မွန်ပြည်နယ်တစ်ခုလုံးတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၅၉၅ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းအရ သိရသည်။