လူမျိုးရေး သွေးကွဲမှု မဖြစ်စေရန် ထိုင်းမီဒီယာများကို ကန့်ကွက်စာပို့

 သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်။

ချင်းမိုင်အခြေစိုက် ရှမ်းအဖွဲ့အစည်းနှစ်ခုက ထိုင်းနိုင်ငံမြောက်ပိုင်း သတင်းထောက်များအသင်းကို လူမျိုးရေး သွေးကွဲမှု ဖြစ်စေသော အသုံးအနှုန်းများ အပေါ် ကန့်ကွက်ကြောင်း စာတစောင် ပေးပို့ခဲ့သည်။

NMG-01

ယခုလ ၁၈ ရက်နေ့က ထိုင်းလူငယ်နှစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ထိုင်းမီဒီယာအချို့၏ လူမျိုးအမည်တပ်၍ ဖော်ပြခဲ့မှု အပေါ် ချင်းမိုင်မြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများ ကွန်ရက် အဖွဲ့က ထိုင်းနိုင်ငံ မြောက်ပိုင်း သတင်းထောက်များ အသင်းကို ကန့်ကွက်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မီဒီယာတွေအနေနဲ့ ဒီလူမျိုး ဟိုလူမျိုး ဆိုပြီး သတ်မှတ်ပြောဆိုရေးသားတာဟာ မျိုးနွယ်စုတွေအကြား ပြဿနာ ပိုမိုကြီးထွားလာမှာကို စိုးရိမ်ပါတယ်။” ဟု ရှမ်းစာပေနဲ့ယဉ် ကျေးမှုအသင်း၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ထိုင်းနိုင်ငံဌာနေတိုင်းရင်းသားများ ကွန်ရက်အဖွဲ့ ဥက္ကဌ လည်းဖြစ်တဲ့ စိုင်းဆိုင်မိုင်း မန်းကွဏ်း က ပြောသည်။

NMG-02

ထိုင်းလူငယ် နှစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ထိုင်းမီဒီယာ အချို့က ဆာမူရိုင်းဓါး (ဓါးရှည်) ကိုင်ဆောင်ထားသည့် ရှမ်းလူငယ်အုပ်စုက ဓါးဖြင့် လိုက်ခုတ်သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း လူမျိုး အမည်တပ်၍ ဖော်ပြခဲ့ကြသည်။

သတင်းမီဒီယာတချို့က အဲ့ဒီလို ဖော်ပြလိုက်ခြင်းအားဖြင့် ဒီသတင်းကို ဖတ်ရတဲ့လူတွေ သိရတဲ့လူတွေ များလာလေ ဒီလူမှုအသိုင်းအဝန်းကြားမှာ မုန်းတီးမှုတွေ မနာလိုမှုတွေ အမုန်းတရားတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်တာကြောင့် ကျနော်တို့ ဒီကနေ့မှာ အခုလို ရှင်းလင်းပြောဆိုရတာ ဖြစ်ပါတယ်။ ဟု စိုင်းဆိုင်မိုင်းမန်းကွဏ်းက ယနေ့မနက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဖြစ်စဉ်အပေါ်မှာ ထိုင်းသတင်းမီဒီယာတွေအနေနဲ့ သေချာအတည်ပြုချက်ရယူပြီးမှ ရေးသား ဖော်ပြသင့်သလို ရှမ်းလူမျိုးဖြစ်ခဲ့လျှင်ပင် လူမျိုးကို ရေးသားဖော်ပြခြင်းမပြုပဲ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ခဲ့မှုကြောင့်လို့သာရေးသားသင့်ကြောင်းနဲ့ ဘက်လိုက်မှုမရှိပဲ ရေးသား တင်ပြဖို့လိုကြောင်း စိုင်းဆိုင်မိုင်း မန်းကွဏ်း က ပြောသည်။

ထိုင်းမီဒီယာများထံ ပေးသော ကန့်ကွက်သည့် စာကို ချင်းမိုင်မြို့အခြေစိုက် ThaiNews သတင်းစာ အယ်ဒီတာချူပ်လည်းဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်းသတင်းထောက်များအသင်းရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ နိုင်အင်ဆုမ် ပန်းယာဆိုဖါ က လက်ခံရယူခဲ့ပြီး သူ့အနေနဲ့ နောင်မဖြစ်အောင် အဖွဲ့ဝင်တွေကို ပြောပြပေးသွားမှာဖြစ်ပြီး အဖွဲ့ဝင်မဟုတ်တဲ့သူတွေကို ပြောဆိုဖို့ ခက်သော်လည်း တဖြည်းဖြည်းနှင့် သူတို့ထံရောက်အောင် ပြောဆိုပေးသွားမှာ ဖြစ်ကြောင်း ပြောသည်။

ပြောဆိုလာတာတွေကိုလည်း လက်ခံပါတယ်။ ဒီကိစ္စကို ပြန်ပြီးတော့ ပြေလည်အောင် ဖြေရှင်းသွားပါမယ်၊ ကျနော်ပြော သလိုပါပဲ ကျနော်အားလုံးကို ထိန်းထားတာမဟုတ်ပါဘူး ဒါပေမယ့် ဘယ်သူတွေကိုပဲတွေ့တွေ့ လူငယ်သတင်းထောက်တွေပဲဖြစ်ဖြစ် TV သတင်းထောက်တွေကိုပဲဖြစ်ဖြစ် သူတို့ကိုတွေ့ရင် ရေးသားတာတွေကို သတိထားကြဖို့ နဲ့ ခွဲခြားမှုမျိုးတွေမဖြစ်အောင် ပြောသွားပါမယ်။

NMG-03

ထိုင်းကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန်လ ၁၈ ရက် ညပိုင်းက ထိုင်းရဲအင်အား ၆၀ က ချင်းမိုင်မြို့တွင်း နေရာအနှံ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နည်းပညာအထက်တန်းကျောင်းက ကျောင်းသား ၆ ဦးကို ဓါး ၂ လက်နဲ့အတူ နဝရတ်တံတား အနီးတွင် ဖမ်းဆီးရမိခဲ့သည်။ သို့ရာတွင် ထိုလူငယ်များမှာ သေဆုံးခဲ့သည့် ကျောင်းသား နှစ်ဦး နှင့် ပတ်သက်မှု ရှိမရှိကို စစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းရဲက ထုတ်ပြန်ထားသည်။