ရခိုင် စစ်မျက်နှာတွင် အရပ်သားသေဆုံးမှု အနည်းဆုံး ၆၇ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) ကြားက တိုက်ပွဲများ စစ်ရေးပဋိပက္ခများကြား ယခုနှစ်အတွင်း အရပ်သားပြည်သူ အသက်သေဆုံးမှု လူဦးရေ ၆၇ ဦး ရှိသွားပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀၀ နီးပါးရှိကာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးနှင့်လည်း ဆက်လက် ကြုံနေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။

ယခုရက်ပိုင်း ရခိုင်ပြည်နယ်၊ ပန်းမြောင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေး (၃) ဦးသေဆုံးခဲ့ပြီ၊ လူကြီး (၃) ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ သေဆုံးသွားသည့် ကလေးငယ် ၃ ဦး အတွက် တရားမျှတမှုလိုချင်ကြောင်း မိသားစုဝင်များက သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

REC အတွင်းရေးမှူး ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပတ်သက်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် “အခုနောက်ဆုံး သေဆုံးသွားတဲ့ သုံးယောက်နဲ့ဆိုရင်တော့ သေဆုံးသူ စာရင်းက ၆၇ ယောက်ရှိသွားပြီ။ ထိခိုက်ဒဏ်ရာရတာက ၁၈၀ လောက်ရှိသွားပြီပေါ့နော်”ဟု ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့က သေဆုံးသွားသူ ကလေးငယ် ၃ ဦးမှာ မူကြိုကျောင်းသားတစ်ဦး၊ စတုတ္ထတန်းကျောင်သား တစ်ဦးနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသူ တစ်ဦးတို့ဖြစ်ကြသည်။

ပန်းမြောင်းကျေးရွာအတွင်း သြဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်မှ တပ်စွဲထားသည့် အောင်မင်္ဂလာ ဘုရားတောင်ကုန်းအနီးရှိ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျည် ကျရောက်ပွဲခဲ့ခြင်းဖြစ်သည်။ ထို့နေမှစ၍ ဒေသခံ အများစုမှာလည်း နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြပြီဟု ဒေသအတွင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

နှစ်ဖက်ကြားရှိ စစ်ရေးပဋိပက္ခများအတွင်း ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပတ်သက်မှု ရှိသည်ဆိုသည့် စွပ်စွဲချက် ဖြင့် ဖမ်းဆီးခံထားရသူအရေအတွက်နှင့် ပတ်သက်၍လည်း “နောက်ဖမ်းဆီးထိန်းသိမ်းခံ ရထားရသူက နှစ်ပိုင်းရှိတယ်။ ဖမ်းဆီးပြီးမှ တရားစွဲဆိုခံထားရတဲ့သူတွေနဲ့ ဖမ်းဆီးပြီးမှ တရားရုံးကို မရောက်သေးတဲ့ သူတွေလည်းရှိတယ်။ အကုန်လုံးပေါင်းက ၁၅၀ ကျော်ရှိတယ်။ ဒါက ဒီနေ့အထိပေါ့နော်” ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

တိုက်ပွဲများအကြား အပစ်မဲ့အရပ်သားပြည်သူသေဆုံးသူ ၆၇ ဦး၊ ဒဏ်ရရှိသူ ၁၈၀ ကျော်၊ ဖမ်းဆီခံထားရသူ ၁၅၀ အထက်တွင်ရှိပြီဖြစ်သည် ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။

အဆိုပါစာရင်းမှာ ရခိုင်တိုင်းရင်းသားများ၏ စာရင်းသာဖြစ်သည်ဟုလည်း REC က ပြောသည်။ ၎င်းစာရင်းမှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ ယနေ့အချိန်ထိ ဖြစ်သည်ဟု ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့က ပုဏ္ဏားကျွန်းက ဖမ်းဆီးခံထားရသည့် ရွာသား ၁၁ ဦးထဲမှ ၅ ဦးကို မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သည်။ ၎င်းတို့အား ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပတ်သက်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

သြဂုတ်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသည့် ရွာသား ၂၂ ဦးကို ခုနှစ်ကြိမ် မြောက်ရုံးထုတ်ခဲ့သည်။

ဖမ်းဆီးခံထားရသူများထဲမှ ၎င်းတို့၏ မိသားစုဝင်တစ်ဦးက “ကျနော်သားကို အမြန်ဆုံးပြန်လွတ်ပေးစေချင်ပါတယ်။ အခုလိုအပြစ်မရှိပဲ ဖမ်းထားတာမကောင်းပါ။ ကျနော်တို့က အခုဘာဆက်လုပ်ရမှန်းမသိဘူး။ တစ်ခါတစ်ခါ စစ်တွေကို ရုံးချိန်းလာရတဲ့ စရိတ်ကလည်း မနည်းဘူး” ဟု ပြောသည်။

တိုက်ပွဲများကြား ထွက်ပြေးတိန်းရှောင်နေရသည့် စစ်ဘေးရှောင်လူဦးရေစာရင်းမှာလည်း ထပ်တိုးလာသည့် အနေအထားများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် စာရင်းအတိအကျရယူရန် ခက်ခဲနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ ဒေသခံ ၄၀၀၀ နီးပါးခန့်နဲ့ အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ဒေသ ခံရွာသားများလည်း ယခုအခါ ဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းနှင့် လက်နက်ကြီးကျည်များ ကျေးရွာထဲသို့ ကျရောက်နေခြင်းများကြောင့် ကျေးရွာအတွင်းမနေရဲကြပဲ စစ်ပွဲသက်ရောက်မှုမရှိသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က “ကျနော်တို့က တိုက်ပွဲတွေဖြစ်နေတာကို ဘာမှမပြောချင်ပေမယ့် ရွာအလယ်တည်ပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်နေတာ မသင့်တော်ဘူး၊ မဖြစ်သင့်ဘူးလို့မြင်တယ်။ အခု ပန်းမြောင်းကျေးရွာမှာ သာသနိက အဆောက်အဦရှိတယ်။ အဲ့ဒီမှာ ဘုရားစေတီရှိတယ်။ ဘုရားလည်းရှိတယ်။ အဲ့ဒီကွင်းသာသာလေးမှာ လက်နက်ကြီးတည်ပြီးတော့ ပစ်နေတာဟာ ဒေသခံ ပြည်သူတွေ အထိတ်တလန့် ထိတ်လန့်တကြားဖြစ်သလို အဲ့ဒီစေတီဟာလည်း ဘယ်နေ့ပြိုကျမလဲဆိုတာကို စိုးရိမ်စိတ်နဲ့ ဖြစ်နေကြတာတွေ အများကြီးရှိတယ်။ တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်။ လေယာဉ် နဲ့ လာပစ်ခတ်သွားတာတော့ မြင်လိုက်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား သြဂုတ်လ ၂၇ ရက်နေ့က မြေပုံမြို့နယ်၊ အမ်းမြို့နယ်နှင့် မင်းပြား မြို့နယ်၊ ပန်းမြောင်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက အရပ်သားပြည်သူ ဒေသခံ ၆၁၀၉၃ ဦး က စစ်ဘေးရှောင်နေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များ အစည်း အရုံး (REC) က သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။